နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ချာလီဟက်ဒိုမဂ္ဂဇင်းတိုက်ရုံးခန်းဟောင်း အပြင်ဘက်တွင် ဓားထိုးမှုဖြစ်ပွား၍ လူခုနစ်ဦးကို ဖမ်းဆီး

စက်တင်ဘာ ၂၆၊ ပါရီ

ပြင်သစ်နိုင်ငံ ပါရီမြို့ရှိ ချာလီဟက်ဒိုမဂ္ဂဇင်းတိုက် ရုံးခန်းဟောင်းအပြင်ဘက်တွင် ဖြစ်ပွားခဲ့သည့် တိုက်ခိုက်မှုနှင့်စပ်လျဉ်း၍ လူခုနစ်ဦးကို ဖမ်းဆီးခဲ့ကြောင်း ပြင်သစ်နိုင်ငံ အရာရှိများက ပြောသည်။ ပြီးခဲ့သည့် သောကြာနေ့တွင် အသားလှီးဓားကိုင်ထားသည့် အမျိုးသားတစ်ဦးက လူနှစ်ဦးကို တိုက်ခိုက်ခဲ့သည်။ သံသယရှိသူမှာ အသက် ၁၈ နှစ်အရွယ်ရှိသည့် ပါကစ္စတန်မျိုးနွယ်ဖွားဖြစ်ပြီး အခင်းဖြစ်ပွားရာနေရာအနီးတွင် ဖမ်းဆီးရမိခဲ့သည်။
အခြားသူခြောက်ဦးကိုလည်း ထိန်းသိမ်းထားပြီး စစ်ဆေးမေးမြန်းလျက်ရှိသည်။

အဆိုပါဖြစ်ရပ်မှာ အစ္စလာမ်အကြမ်းဖက် တိုက်ခိုက်မှုလုပ်ရပ်ဖြစ်သည်ဟု ပြင်သစ်ပြည်ထဲရေးဝန်ကြီး ဒါမာနင်က ပြောသည်။ ရဲတပ်ဖွဲ့က အဆိုပါနေရာတစ်ဝိုက်မှ ခြိမ်းခြောက်မှုပမာဏကို လျှော့တွက်ခဲ့သည်ဟု ယင်းက ဆိုသည်။ ၂၀၁၅ ခုနှစ်တွင် ဂျီဟတ်နှစ်ဦးက ချာလီဟက်ဒိုမဂ္ဂဇင်းတိုက်ကို ဝင်ရောက်တိုက်ခိုက်မှုကြောင့် လူ ၁၂ ဦး သေဆုံးခဲ့ပြီး အဆိုပါတိုက်ခိုက်မှုတွင် ဂျီဟတ်များကို ကူညီခဲ့သည်ဆိုသော လူ ၁၄ ဦးကို ရုံးတင်စစ်ဆေးနေချိန်၌ ယခုကဲ့သို့ တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည်။

တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် ချာလီဟက်ဒိုမဂ္ဂဇင်းက ယင်းတို့၏ရုံးခန်းများကို ပြန်အပ်ခဲ့ရာ ယခုအခါတွင် အဆိုပါအဆောက်အအုံကို ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီတစ်ခုက အသုံးပြုလျက်ရှိသည်။ ပြီးခဲ့သည့် သောကြာနေ့က တိုက်ခိုက်မှုတွင် ထိခိုက်ဒဏ်ရာရခဲ့သူနှစ်ဦး၏ အမည်ကို တရားဝင်ဖော်ပြခဲ့ခြင်းမရှိသော်လည်း ရုပ်သံထုတ်လုပ်ရေးကုမ္ပဏီတွင် အလုပ်လုပ်သည့် အမျိုးသားနှင့် အမျိုးသမီးဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောသည်။ သံသယရှိသူမှာ ယခင်က အစွန်းရောက်မှတ်တမ်းမရှိသော်လည်း ဝက်အူလှည့်ကိုင်ဆောင်မှုကြောင့် အဖမ်းခံခဲ့ရဖူးသည်ဟု ဆိုသည်။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ