စက်တင်ဘာ ၂၆၊ ဝါရှင်တန်
အသက် ၈၉ နှစ်အရွယ် ပီဇာ လိုက်ပို့သူတစ်ဦးကို ယင်း၏ ပုံမှန်ဖောက်သည်တစ်ဦး၏ ဦးဆောင်မှုဖြင့် TikTok ပေါ်မှ အလှူရှင်များက ဘောက်ဆူးအဖြစ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ပေးအပ်ခဲ့သည်။ ပြီးခဲ့သည့်အင်္ဂါနေ့ နံနက်ပိုင်းတွင် ဗဲလ်ဒက်ဇ်မိသားစုက အမေရိကန်နိုင်ငံ၊ ယူတားပြည်နယ်ရှိ ဒါလင်နီဝေး၏ နေအိမ်သို့ သွားရောက်ပြီး ဘောက်ဆူးပေးခဲ့ခြင်းဖြစ်သည်။ ယင်းအနေဖြင့် လူမှုဖူလုံရေးကြေး တစ်ခုတည်းဖြင့် ရပ်တည်၍ မရကြောင်း နားလည်ခဲ့ပြီးနောက် Papa John ပီဇာလုပ်ငန်းတွင် တစ်ပတ်လျှင် နာရီ ၃၀ ကြာ အလုပ်လုပ်ခဲ့ခြင်းဖြစ်ကြောင်း ဒါလင်နီဝေးက ပြောသည်။
'' ကျေးဇူးတင်စကားတောင် ဘယ်လိုပြောရမှန်း မသိတော့ပါဘူး။ ဘာပြောရမှန်း တကယ်မသိတော့ဘူး''ဟု ဒါလင်နီဝေးက ပြောခဲ့ပြီး ဝမ်းသာလွန်း၍ မျက်ရည်ကျခဲ့သည်။ ဒါလင်နီဝေးမှာ TikTok တွင် လူသိများသူ တစ်ဦးဖြစ်သည်။ ဗဲလ်ဒက်ဇ် မိသားစုမှာလည်း ပီဇာမှာတိုင်း ဒါလင်နီဝေးကိုသာ လာပို့ခိုင်းပြီး ယင်း၏ လှုပ်ရှားမှုကို ဗီဒီယိုရိုက်ကူးကာ ယင်းတို့၏ချန်နယ်တွင် ဗီဒီယိုများတင်လေ့ရှိသည်ဟု ဆိုသည်။ အချို့ သူများက ဒါလင်နီဝေးအနေဖြင့် အသက်အရွယ် အိုမင်းနေချိန်တွင် မည်သည့်အတွက် ပီဇာပို့သည့်အလုပ် လုပ်နေခြင်းဖြစ်ကြောင်း မေးခွန်းထုတ်ကြလေ့ရှိသည်။ ထို့ကြောင့် ဗဲလ်ဒက်ဇ်မိသားစုက ယင်းတို့၏ချန်နယ်တွင် ဒါလင်နီဝေးအတွက် အလှူငွေများ ထည့်ဝင်ကြရန် အကူအညီတောင်းခံခဲ့ရာ အချိန်တိုအတွင်း အမေရိကန် ဒေါ်လာ ၁၂၀၀၀ ရရှိခဲ့သည်။ ထို့နောက်တွင် TikTok မိသားစု၏ ဘောက်ဆူးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁၂၀၀၀ ကို ဒါလင်နီဝေးထံ သွားရောက်ပေးအပ်ခဲ့ခြင်းဖြစ်သည်။
Ref:BBC(KNT)