စက်တင်ဘာ ၂၆
အင်တာမီလန်အသင်း ခံစစ်ကစားသမား ဂိုဒင်သည် ကယ်ဂလီယာရီအသင်းသို့ သုံးနှစ်သက်တမ်းရှိ စာချုပ်ဖြင့် ပြောင်းရွှေ့ခဲ့ကြောင်း သိရသည်။
အသက် ၃၄ နှစ်အရွယ်ရှိ ဂိုဒင်သည် ၂၀၁၉-၂၀၂၀ ဘောလုံးရာသီက အေတီကိုအသင်းမှ အင်တာမီလန် အသင်းသို့ ပြောင်းရွှေ့ခဲ့ကာ နည်းပြကွန်တီလက်အောက်တွင် ပုံမှန်ပွဲထွက်ခွင့်ရရှိရန် ရုန်းကန်ခဲ့ရပြီး အသင်းအတွက် ပြိုင်ပွဲစုံ ၃၆ ပွဲသာ ပါဝင်ကစားခဲ့ရသည်။
ဂိုဒင်သည် ယခုနှစ် ဘောလုံးရာသီတွင်လည်း ပုံမှန်ပွဲထွက်ခွင့်ရရှိနိုင်ဖွယ်မရှိသည့်အတွက် အင်တာမီလန် အသင်းမှ ထွက်ခွာရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
“ဂိုဒင်ဟာ အသင်းနဲ့ ၂၀၂၃ ခုနှစ်၊ ဇွန် ၃၀ ရက်ထိ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ သူဟာ အသင်းကိုအကောင်းဆုံး ဦးဆောင်နိုင်တဲ့ ကစားသမားတစ်ယောက်ဖြစ်သလို ကမ္ဘာ့အဆင့်ကစားသမားဖြစ်ပြီး သန်မာတဲ့ခံစစ် ကစားသမားပါ။ သူဟာ ပြိုင်ဘက်အသင်းရဲ့ တိုက်စစ်ကို ဟန့်တားတဲ့နေရာ၊ ပြိုင်ဘက်ကစားသမားရဲ့ လှုပ်ရှားမှုကို သုံးသပ်တဲ့နေရာမှာ ကျွမ်းကျင်ပါတယ်။ သူ့ကို အသင်းမိသားစုက ကြိုဆိုပါတယ်”ဟု ကယ်ဂလီယာရီအသင်းက ထုတ်ပြန်ခဲ့သည်။
(သူရိန်)