စက်တင်ဘာ ၂၆
စီးရီးအေကလပ် ရိုးမားအသင်းဟာ ဟဲလက်စ်ဗီရိုနာနဲ့ပွဲစဉ်မှာ ၀−၀ ရလဒ်နဲ့အတူ သရေကျသွားပါတယ်။ ဒါပေမယ့် ပွဲပြီးချိန်မှာ နာမည်စာရင်းမှားရေးတဲ့အကြောင်း ပေါ်ပေါက်ခဲ့ပါတယ်။ ရိုးမားဖက်က အသက် ၂၃ နှစ် အရွယ်ကစားသမား အမဒူဒီရာဝါရာဟာ အသင်းကြီးအတွက်ပါဝင်ကစားခဲ့ပါတယ်။ ရိုးမားက ဒီရာဝါရာကို ဗီရိုနာနဲ့ ကန်မယ့်အသင်းကြီးစာရင်းမှာ နာမည်ထည့်မထားခဲ့ပါဘူး။ ဒီရာဝါရာကို ယူ ၂၂ အသင်းမှာသာ နာမည်စာရင်းသွင်းထားခဲ့ပါတယ်။ ဒါကြောင့် တာဝန်ရှိသူတွေက အဲဒီအမှားကိုတွေ့ပြီး ရိုးမားကို ၃−၀ နဲ့ အရှုံးလို့သတ်မှတ်ကြေညာလိုက်ပါတယ်။ ကစားသမားဟာ မိနစ် ၈၉ တိတိပါဝင်ကစားခဲ့ပါတယ်။ ဒါပေမယ့် အီတလီသတင်းစာ ဂေဇက်တီဒယ်လိုစပေါ့က ရိုးမားအနေနဲ့ အယူခံဝင်ရင်အောင်မြင်ဖို့ များတယ်လို့ဖော်ပြပါတယ်။
အကြောင်းအရင်းကိုလေ့လာရင် ရိုးမားအသင်းကြီးရဲ့လူစာရင်းမှာ ၂၅ ယောက် မပြည့်သေးသလို ရိုးမားဟာ သူတို့ရဲ့အငယ်တန်းကစားသမားတွေကို အကြီးတန်းစာရင်းတင်ခွင့်ရှိနေလို့ပါ။ ခုမှားတာကလဲ ကစားသမားကို ယူ ၂၂ မှာ အမည်စာရင်းထည့်ပြီး အသင်းကြီးမှာ ကန်ခိုင်းတာကြောင့် သိပ်ထောက်ပြစရာတော့မရှိပါဘူး။ ဒါကြောင့် ဒီရာဝါရာကို အသင်းကြီးစာရင်းမှာ ထည့်သွင်းလိုက်ရင် ပြဿနာကပြီးသွားမယ်လို့ထင်ကြောင်း ဖော်ပြထားပါတယ်။ အခုလို ဖြစ်ရပ်မျိုး ၂၀၁၆ မှာ ဆာဆူအိုလို အသင်းမှားခဲ့ဖူးပြီး ၀−၃ နဲ့ ရှုံးခဲ့ဖူးပါတယ်။ ရိုးမားရဲ့အားသာချက်ကတော့အသင်းကြီး အမည်စာရင်းမှာ ၂၅ ယောက်မပြည့်သေးတာကြောင့် အယူခံအောင်ဖို့များပါတယ်။
(SO)