စက်တင်ဘာ ၂၅
UEFA ရဲ့ တစ်နှစ်တာအကောင်းဆုံးကစားသမားဆု(အမျိုးသား) ဆန်ကာတင် ၃ ယောက်စာရင်း ထွက်ပေါ်လာပါပြီ။ ထူးခြားတာ တင်ပြရရင်တော့ ဘာစီတိုက်စစ်မှူး မက်ဆီနဲ့ဂျူဗင်တိုက်စစ်မှူး ရော်နယ်ဒိုတို့ ၁၀ နှစ်အတွင်းမှာ ပထမဆုံးအကြိမ်အဖြစ် ဒီဆန်ကာတင်စာရင်းမှာ ပါဝင်မလာတာဘဲဖြစ်ပါတယ်။ ၂၀၁၉−၂၀၂၀ ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆု ဆန်ကာတင် ၃ ယောက်ကတော့ ပရီးမီးယားလိဂ်ကလပ် မန်စီးတီးက ကွင်းလယ်ကစားသမား ဒီဗရိုင်း၊ ဘွန်ဒက်စ်လီဂါကလပ် ဘိုင်ယန်မြူးနစ်က တိုက်စစ်မှူး လီဝန်ဒေါ့စကီးနဲ့ ဂိုးသမားနူအာတို့ပဲဖြစ်ပါတယ်။ ဂျူဗင်တပ်တိုက်စစ်မျူး ရော်နယ်ဒိုကတော့ ဒီဆုကို ၃ ကြိမ် ရရှိထားပြီး ဘာစီတိုက်စစ်မှူး မက်ဆီက ၂ ကြိမ်ရရှိထားခဲ့ပါတယ်။ ဂျူဗင်တပ်အသင်းဟာ ချန်ပီယံလိဂ်မှာ လိုင်ယွန်းကိုရှုံးနိမ့်ခဲ့တာကြောင့် ၁၆ သင်းအဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ဘာစီလိုနာအသင်းကလည်း ဘိုင်ယန်မြူးနစ်အသင်းကို ရှုံးနိမ့်ခဲ့တာကြောင့် ကွာတားဖိုင်နယ်အဆင့်ကနေ ထွက်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ချန်ပီယံလိဂ်မှာ သွင်းဂိုး ၁၅ ဂိုးသွင်းယူခဲ့တဲ့ လီဝန်ဒေါ့စကီးဟာ (၂၀၂၀) ၊ UEFA တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကိုရရှိဖို့အတွက် ရေပန်းအစားဆုံးဖြစ်နေပါတယ်။ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံး ကစားသမားဆုကို နောက်ဆုံးရရှိထားသူက လီဗာပူးအသင်းက ဗန်ဒိုက်ပဲဖြစ်ပါတယ်။ တစ်ကိုယ်တော် ဆုတွေကို နှစ်များစွာ သိမ်းပိုက်ရရှိခဲ့ကြတဲ့ တိုက်စစ်မှူးမက်ဆီနဲ့ ရော်နယ်ဒိုတို့ ဒီ ၁၀ နှစ်အတွင်း ပထမဆုံး အကြိမ်အဖြစ် ဆန်ကာတင်စာရင်းမှာ မပါဝင်ခဲ့တာဖြစ်ပါတယ်။
(SO)