စက်တင်ဘာ ၂၅၊ ပါရီ
စထရာဘော့မြို့တွင် အမျိုးသမီးတစ်ဦးကို စကတ်ဝတ်ခြင်းကြောင့် နေ့လယ်ခင်းအချိန် တိုက်ခိုက်ခဲ့ သည့်ဖြစ်ရပ်ကို ပြင်သစ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးလျက်ရှိသည်။ အမျိုးသားသုံးဦးက ယင်းစကတ်ဝတ်ထားခြင်း ကို စောဒကတက်ခဲ့ပြီး မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ကြောင်း အသက် ၂၂ နှစ်အရွယ်ကျောင်းသူ အဲလိစဘတ်က ပြောသည်။
အဆိုပါဖြစ်ရပ်မှာ အလွန်ဆိုးရွားသည့် လက်မခံနိုင်စရာကိစ္စဟု ပြင်သစ်အစိုးရက ရှုတ်ချခဲ့သည်။ ၂၀၁၈ ခုနှစ်က ပြင်သစ်နိုင်ငံတွင် လမ်းပေါ်မှနှောင့်ယှက်မှု ဆန့်ကျင်တိုက်ဖျက်ရေးဥပဒေ ပြဋ္ဌာန်းခဲ့ပြီးနောက် ဒဏ်ငွေရိုက်သည့် အကြိမ်ရေ ၁၈၀၀ နီးပါး ရှိခဲ့သည်။
အိမ်အပြန် လမ်းလျှောက်လာစဉ် အမျိုးသားသုံးဦးအနက် တစ်ဦးက '' စကတ်ဝတ်ထားတဲ့ မိန်းမပျက်ကို ကြည့်ကြစမ်းပါဦး''ဟု ပြောခဲ့ကြောင်း Bleu Alsace ရေဒီယိုနှင့် တွေ့ဆုံမှုတွင် အဲလိစဘတ်က ပြောသည်။ အမျိုးသားသုံးဦးအနက် နှစ်ဦးက ယင်းကို ချုပ်ထားပြီး တစ်ဦးက မျက်နှာကို လက်သီးဖြင့်ထိုးခဲ့ခြင်းကြောင့် မျက်ကွင်းညိုသွားခဲ့သည်ဟု ဆိုသည်။
ထို့နောက်တွင် အမျိုးသားများ ထွက်ပြေးသွားခဲ့သည်ဟု အဲလိစဘတ်က ပြောသည်။ အဆိုပါဖြစ်ရပ်ကို လူတစ်ဒါဇင်ကျော် မြင်တွေ့ခဲ့သော်လည်း မည်သူကမျှ ကြားဝင်ဟန့်တားခဲ့ခြင်း မရှိပေ။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် နိုင်ငံသားအရေးကို တာဝန်ယူထားသည့် အငယ်တန်း ပြည်ထဲရေးဝန်ကြီး မာလင်းရှီယက်ပါက လူမြင်ကွင်းတွင် အမျိုးသမီးများ ဘေးကင်းလုံခြုံရေးအတွက် ဆွေးနွေးရန် စထရာဘော့မြို့သို့ သွားရောက်ခဲ့သည်။
လူမြင်ကွင်းတွင် အမျိုးသမီးများကို လမ်းပေါ်တွင် နှောင့်ယှက်အနိုင်ကျင့်သည့်ဖြစ်ရပ်မျိုး ကြုံတွေ့ပါက ရဲတပ်ဖွဲ့ထံ အကြောင်းကြားကြရန် မာလင်းရှီယက်ပါက လူများကို တိုက်တွန်းခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က ပြင်သစ်နိုင်ငံ အရှေ့ပိုင်း မူဟောက်စ်မြို့တွင်လည်း အမျိုးသားတစ်ဦးက အမျိုးသမီးနှစ်ဦး၏ စကတ် အလွန်တိုလွန်းသည်ဟုဆိုကာ တိုက်ခိုက်ခဲ့ကြောင်း Bleu Alsace ရေဒီယိုက သတင်းထုတ်လွှင့်ခဲ့သည်။
Ref:BBC(KNT)