စက်တင်ဘာ ၂၄၊ ဂျိုဟန်နက်စ်ဘတ်
ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် အာဖရိကနိုင်ငံများ၏ စီမံခန့်ခွဲမှုကို အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးစင်တာ(CDC) အကြီးအကဲက ချီးကျူးသွားခဲ့သည်။ ပြီးခဲ့သည့်ဖေဖော်ဝါရီလက COVID-19 ရောဂါ အတည်ပြုလူနာ စတင်တွေ့ရှိခဲ့သည့် အာဖရိကတိုက်တွင် ရောဂါကူးစက်ခံရသူ ၁ ဒသမ ၄ သန်း၊ သေဆုံးသူ ၃၄၀၀၀ ရှိနေသည်။ အာဖရိကတိုက်၏ ရောဂါကူးစက်ခံရသူနှင့် သေဆုံးသူ အရေအတွက်မှာ ဥရောပ၊ အာရှနှင့် အမေရိကတိုက်များထက် ပိုမိုနည်းပါးပြီး ရောဂါကူးစက်မှုလည်း လျော့ကျလျက်ရှိသည်။
အချိန်ဆောလျင်စွာ တားဆီးဟန့်တားနိုင်ခဲ့ခြင်းမှာ COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရာတွင် အဓိကကျခဲ့ကြောင်း အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးစင်တာအကြီးအကဲ အန်ကင်ဂါဆောင်းက ပြောသည်။ အာဖရိကတိုက် ရောဂါထိန်းချုပ်ရေးစင်တာမှာ အဖွဲ့ဝင်နိုင်ငံ ၅၅ နိုင်ငံ ပါဝင်သည့် အာဖရိကသမဂ္ဂ၏ ကျန်းမာရေးအေဂျင်စီဖြစ်သည်။
လူဦးရေ တစ်ဘီလျံကျော်ရှိသည့် အာဖရိကတိုက်မှာ ကမ္ဘာတစ်ဝန်း ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု၏ ၅ ရာခိုင်နှုန်း၊ သေဆုံးမှု၏ ၃.၆ ရာခိုင်နှုန်းသာ ရှိသည်။ အာဖရိကတိုက်တွင် ရောဂါကူးစက်ခံရသူများနှင့် သေဆုံးမှုများကို သိသိသာသာ လျှော့ချဖော်ပြနေသည်ဆိုသည့် သတင်းများမှာ မှားယွင်းသည်ဟု အန်ကန်ဂါဆောင်းက တုံ့ပြန်ခဲ့သည်။
Ref:BBC(KNT)