နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ရွေးကောက်ပွဲရှုံးနိမ့်ပါက ငြိမ်းချမ်းစွာအာဏာလွှဲပြောင်းပေးမည်ဟု ကတိပြုရန် ဒေါ်နယ်ထရမ့် ငြင်းဆန်

စက်တင်ဘာ ၂၄၊ ဝါရှင်တန်


အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က နိုဝင်ဘာလတွင် ကျင်းပမည့် သမ္မတရွေးကောက်ပွဲတွင် ရှုံးနိမ့် ခဲ့ပါက ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းပေးမည်ဟု ကတိပြုရန် ငြင်းဆန်ခဲ့သည်။


အိမ်ဖြူတော်တွင် ကျင်းပခဲ့သည့် စာနယ်ဇင်းရှင်းလင်းပွဲတွင် ဒေါ်နယ်ထရမ့်က '' ဟုတ်ပြီလေ။ ဘာတွေဖြစ်လာမလဲဆိုတာ ကျွန်တော်တို့ စောင့်ကြည့်ကြတာပါ။ ခင်ဗျားတို့ သိရမှာပါ''ဟု  ပြောခဲ့သည်။


စာတိုက်မှတစ်ဆင့် မဲပေးမှုအပေါ် သံသယဝင်မိသည်ဟု ဒေါ်နယ်ထရမ့်က ထပ်မံပြောကြားခဲ့ပြီး သမ္မတရွေးကောက်ပွဲရလဒ်မှာ အမေရိကန်အထက်တရားရုံးချုပ်တွင် အဆုံးအဖြတ် ခံယူရလိမ့်မည်ဟု ယုံကြည်ကြောင်း ဆိုခဲ့သည်။ အမေရိကန်နိုင်ငံသားများ COVID-19 ရောဂါ ကူးစက်မခံရစေရန်အတွက် ပြည်နယ်အများအပြားတွင် စာတိုက်မှ တစ်ဆင့်မဲပေးကြရန် တိုက်တွန်းလျက်ရှိသည်။


အမေရိကန်သမ္မတရွေးကောက်ပွဲကျင်းပရန် ၄၁ ရက်လိုချိန်တွင် သဘောထားအမြင် ကောက်ခံမှုအရ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ ဒီမိုကရက်တစ်ပါတီကိုယ်စားလှယ် ဂျိုးဘိုင်ဒင်၏နောက်တွင် ရောက်ရှိနေသည်။


ဒေါ်နယ်ထရမ့်အနေဖြင့် ဂျိုးဘိုင်ဒင်အနိုင်ရခဲ့ပါက ငြိမ်းချမ်းစွာအာဏာလွှဲပြောင်း ပေးမည်ဟု ကတိပြုခြင်း ရှိ၊ မရှိ သတင်းထောက်တစ်ယောက်က မေးမြန်းခဲ့ရာ ဒေါ်နယ်ထရမ့်က "စာတိုက်ကနေ မဲပေးမှုနဲ့ပတ်သက်ပြီး ကျွန်တော် အပြင်းအထန် ကန့်ကွက်ပါတယ်။ စာတိုက်မဲတွေက တကယ့်ဘေးအန္တရာယ်ပါပဲ။ စာတိုက်မဲတွေကို ဖယ်ရှားလိုက်ပါ။ အဲဒါဆိုရင် ခင်ဗျား အရမ်း၊ အရမ်းကို ငြိမ်းချမ်းသွားလိမ့်မယ်။ ပွင့်ပွင့်လင်းလင်း ပြောရရင် အာဏာလွှဲပြောင်းပေးမှု ရှိလာမှာမဟုတ်ပါဘူး။ အာဏာဆက်လက်ကိုင်ဆုပ်ခွင့်ပဲ ရှိလာမှာပါ''ဟု ပြောခဲ့သည်။


၂၀၁၆ ခုနှစ် သမ္မတရွေးကောက်ပွဲတွင်ဒေါ်နယ် ထရမ့် အနိုင်ရခဲ့သော်လည်း ဒီမိုကရက်တစ်ကိုယ်စားလှယ် ဟီလာရီကလင်တန်က ဆန္ဒမဲအရေအတွက် သုံးသန်း အသာရခဲ့သည်။ သို့သော် ဒေါ်နယ်ထရမ့်က အဆိုပါရလဒ်ကို လက်ခံရန်လည်း ငြင်းဆန်နေဆဲဖြစ်သည်။         

 Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ