စက်တင်ဘာ ၂၄
ဘာစီလိုနာတိုက်စစ်မှူးကိုခေါ်ယူနိုင်ဖို့အတွက် ဆွာရက်ဇ်ရဲ့အေးဂျင့်တွေနဲ့ ဘာစီဥက္ကဋ္ဌဘာတိုမြူတို့ အချိန် ၂ နာရီတွေ့ဆုံဆွေးနွေးပြီးတဲ့နောက်မှာ အားလုံးအဆင်ပြေချောမွေ့ခဲ့ပါတယ်။ ဒီဆွေးနွေးမှုအောင်မြင်ခဲ့ ကြောင်းကို သတင်းထောက် Fabrizio Romano က ထိပ်ဆုံးကသတင်းဖော်ပြခဲ့တာပါ။ ဆွာရက်ဇ်ရဲ့ အပြောင်းအရွှေ့မှာ အက်တီကိုတို့ ငွေကြေးတစ်ပြားတစ်ချပ်မှ ကုန်ကျမှုမရှိဘဲ ခေါ်နိုင်ခဲ့တာပဲဖြစ်ပါတယ်။ ဘာစီတို့ကတော့ ပြောင်းရွှေ့ကြေးအနည်းငယ်လိုချင်ခဲ့ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဆွာရက်ဇ်ကို ရောင်းချလို့ရတဲ့ငွေနဲ့ အခြားကစားသမားသစ်ခေါ်ယူရာမှာ ပြန်လည်သုံးစွဲဖို့ဘဲဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘက်က စာချုပ်ဖျက်သိမ်းပေးဖို့ ဦးစားပေးတောင်းဆိုခဲ့တာကြောင့် နောက်ဆုံးမှာ သဘောတူညီ မှုရရှိခဲ့တာပဲဖြစ်ပါတယ်။ အက်တီကိုကလည်း တိုက်စစ်မှူးမိုရာတာကို ဂျူဗင်တပ်အသင်းဆီက အငှားချထားခဲ့ပြီးဖြစ်ကာ ဆွာရက်ဇ်ကိုမဖြစ်မနေ ခေါ်ယူဖို့ကြိုးစားခဲ့တာပါ။ အခုတော့ ခေါ်ယူနိုင်ဖို့ သေချာ သွားပြီဖြစ်တာကြောင့် မကြာခင်မှာ အပြောင်းအရွှေ့သတင်းကို ထုတ်ပြန်ကြေညာသွားမယ်လို့ သိရပါတယ်။ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဆွာရတ်ဇ်ဟာ ဘာစီလိုနာမှာ ၆ နှစ်ကြာကစားခဲ့ပြီး ဂိုးပေါင်း ၂၀၀ နီးပါးသွင်းယူပြီး ခြေစွမ်းပြခဲ့သူပါ။ မက်ဆီနဲ့တွဲဖက်ပြီး အကောင်းဆုံးတိုက်စစ်ကို ပုံဖော်နိုင်ခဲ့တာကြောင့် ပြီးခဲ့တဲ့ရာသီအတွင်း သူရဲ့သွင်းဂိုးနှုန်းနဲ့ ခြေစွမ်းကထိပ်တန်းအဆင့်မှာရှိနေကြောင်း သိရပါတယ်။
(SO)