စက်တင်ဘာ ၂၃၊ ဘေဂျင်း
တရုတ်လေတပ်၏ ဝါဒဖြန့်သည့် ဗီဒီယိုမှတ်တမ်းသစ်တွင် ဟောလိဝုဒ်ရုပ်ရှင်ကားများထဲမှ ဇာတ်ဝင်ခန်း များကို အသုံးပြုထားပြီး အမေရိကန်လေတပ်အခြေစိုက်စခန်းနှင့် ဆင်တူယိုးမှားရှိသည့် ပစ်မှတ်တစ်ခုကို တိုက်ခိုက်သကဲ့သို့ ပုံဖော်ခဲ့ခြင်းကြောင့် ဝေဖန်မှုများ ရှိလာခဲ့သည်။
The God of War H-6K Goes on the Attack ဟု အမည်ပေးထားပြီး ၂ မိနစ်၊ ၁၅ စက္ကန့်ကြာမြင့်သည့် ဗီဒီယိုမှတ်တမ်းကို ပြီးခဲ့သည့်အားလပ်ရက်တွင် တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ လေတပ်က Weibo လူမှုကွန်ရက်ပေါ် တင်ခဲ့သည်။ အဆိုပါ ဗီဒီယိုမှတ်တမ်းတွင် တရုတ်စစ်တပ်က Gods of War ဟု ချစ်စနိုးခေါ်ဝေါ်သည့် အင်ဂျင် နှစ်လုံးတပ် ဗုံးကြဲ လေယာဉ် H-6K ကို အသားပေး ဖော်ပြထားသည်။
အဆိုပါဗီဒီယိုမှတ်တမ်း၏ ဝေဟင်ဖောက်ခွဲခန်းအချို့မှာ The Hurt Locker ၊ The Rock နှင့် Transformers: Revenge of the Fallen စသည့် ဟောလိဝုဒ်ရုပ်ရှင်ကားများထဲမှ တည်းဖြတ်ရယူထားခြင်းဟု မျက်စိလျင်သည့် လူမှုကွန်ရက်အသုံးပြုသူများက ထောက်ပြခဲ့ကြသည်။ အဆိုပါဗီဒီယိုမှတ်တမ်းကို ပြီးခဲ့သည့်အင်္ဂါနေ့က ဖြုတ်ချခဲ့သော်လည်း ဖြုတ်မချမီ ကြည့်ရှုမှုအကြိမ်ရေ သန်းချီရှိခဲ့သည်။
တရုတ်လေတပ်၏ ဝါဒဖြန့်ဗီဒီယိုမှတ်တမ်းမှာ စိတ်ကူးယဉ်ဆန်ရုံသာမက မူရင်းဖန်တီးသူကို အသိအမှတ်ပြု ဖော်ပြခြင်းမရှိဘဲ ခိုးယူခြင်းဖြစ်သည်ဟု ဝေဖန်သူများက ဆိုသည်။ အဆိုပါဗီဒီယိုမှတ်တမ်း၏ ပစ်မှတ်မှာ အမေရိကန်နိုင်ငံပိုင် ဂူအမ်ကျွန်းရှိ အန်ဒါဆင်လေတပ်အခြေစိုက်စခန်းနှင့် တူညီသည်။
Ref:BBC(KNT)