စက်တင်ဘာ ၂၃၊ အစ္စလာမ်မာဘတ်
၂၀၁၂ ခုနှစ်က လူ ၂၆၀ နီးပါး သေဆုံးခဲ့သည့် ပါကစ္စတန်နိုင်ငံ၏ လူသေဆုံးမှုအများဆုံး စက်ရုံမီးလောင်ကျွမ်းမှုတွင် မီးရှို့ခဲ့သည်ဟု အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီးနောက် ကရာချိမြို့ တရားရုံးက အမျိုးသားနှစ်ဦးကို သေဒဏ်ချမှတ်ခဲ့သည်။ စက်ရုံပိုင်ရှင်များက ယင်းတို့တောင်းခံသည့် ငွေကြေးမပေးခဲ့ခြင်းကြောင့် အဆိုပါအမျိုးသားနှစ်ဦးက အထည်ချုပ်စက်ရုံကို မီးရှို့ခဲ့ခြင်းဟု စစ်ဆေးတွေ့ရှိခဲ့သည်။
ယင်းတို့နှစ်ဦးမှာ ထိုစဉ်က ကရာချိမြို့တွင် အာဏာရခဲ့သည့် MQM ပါတီနှင့် ပါဝင်ပတ်သက်မှု ရှိသည်ဟု တရားရုံးက ဖတ်ကြားခဲ့သည်။ အထည်ချုပ်စက်ရုံတွင် အရေးပေါ်ထွက်ပေါက်မရှိခြင်းကြောင့် မီးလောင်ကျွမ်းချိန်တွင် လူရာပေါင်းများစွာ ပိတ်မိခဲ့သည်။ သေဆုံးသူအများအပြားမှာ ပုံပန်းသဏ္ဌာန် မမှတ်မိလောက်အောင် မီးကျွမ်းခံခဲ့ရသည်။
အချို့သူများမှာလည်း မီးဘေးမှ လွတ်မြောက်ရန် ခုန်ချခဲ့ရာ သေဆုံးမှု၊ အရိုးကျိုးမှုများဖြစ်ခဲ့သည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ အစိုးရရှေ့နေက မျက်မြင်သက်သေ ၄၀၀ ကျော်ထံမှ သက်သေ အထောက်အထား ရယူခဲ့ပြီး စနစ်တကျ အကြမ်းဖက်သည့်လုပ်ရပ်ဖြစ်သည်ဟု ဆုံးဖြတ်ခဲ့သည်။
တရားရုံးက ယခုကဲ့သို့ အမိန့်ချမှတ်ခဲ့သော်လည်း အသက်ဆုံးရှုံးမှုများအတွက် စက်ရုံပိုင်ရှင် ညီအစ်ကိုနှစ်ဦးကို တာဝန်မယူခိုင်းကြောင့် တရားမျှတမှု တစ်ဝက်သာ ရသေးသည်ဟု ခံစားရကြောင်း ကျန်ရစ်သူမိသားစုအချို့က ပြောသည်။ စက်ရုံမီးလောင်ခဲ့ပြီးနောက် ယင်းတို့ညီအစ်ကိုနှစ်ဦးကို ဖမ်းဆီးခဲ့သော်လည်း နောက်ပိုင်းတွင် အာမခံဖြင့် ပြန်လွှတ်ခဲ့ရာ ယင်းတို့နှစ်ယောက်က ပြည်ပသို့ ရွှေ့ပြောင်းသွားခဲ့သည်။
Ref:BBC(KNT)