စက်တင်ဘာ ၂၃၊ ဘေဂျင်း
၂၀၃၀ ပြည့်နှစ်မတိုင်မီ ကာဗွန်ထုတ်လွှတ်မှုပမာဏကို အများဆုံးအဖြစ် သတ်မှတ်နိုင်ပြီး ၂၀၆၀ ပြည့်နှစ်တွင် ကာဗွန်ထုတ်လွှတ်မှု ကင်းစင်ရန် မျှော်မှန်းထားကြောင်း တရုတ်သမ္မတ ရှီကျင့်ဖျင်က ပြောသည်။ နယူးယော့ခ်မြို့တွင် ကျင်းပသည့် ကုလသမဂ္ဂအထွေထွေညီလာခံတွင် ရုပ်သံမှတ်တမ်းမှတစ်ဆင့် မိန့်ခွန်းပြောရာ၌ ရှီကျင့်ဖျင်က ယခုကဲ့သို့ ပြောခဲ့ခြင်းဖြစ်သည်။ ရှီကျင့်ဖျင်၏ ကြေညာချက်မှာ ရာသီဥတုပြောင်းလဲမှုကို တွန်းလှန်တိုက်ခိုက်ရာတွင် အရေးပါသည့် ခြေလှမ်းတစ်လှမ်းအဖြစ် ရှုမြင်ထားကြသည်။
တရုတ်နိုင်ငံမှာ ကမ္ဘာပေါ်တွင် ကာဗွန်ဒိုင်အောက်ဆိုက်ဒ်အများဆုံး ထုတ်လွှတ်သည့်ရင်းမြစ်ဖြစ်ပြီး ကမ္ဘာလုံးဆိုင်ရာ ကာဗွန်ဒိုင်အောက်ဆိုက်ဒ် ထုတ်လွှတ်မှု၏ ၂၈ ရာခိုင်နှုန်းမှာ တရုတ်နိုင်ငံမှဖြစ်သည်။ ကမ္ဘာ့ရာသီဥတုအရေး ညှိနှိုင်းဆွေးနွေးမှုများ ရပ်တန့်နေပြီး ယခုနှစ်တွင် ကျင်းပရန် စီစဉ်ထားသည့် သက်ဆိုင်ရာနိုင်ငံများ(COP26)၏ ညီလာခံကိုလည်း ၂၀၂၁ ခုနှစ်အထိ ရွှေ့ဆိုင်းထားခြင်းကြောင့် ကုလသမဂ္ဂ အထွေထွေညီလာခံတွင် ကမ္ဘာ့ရာသီဥတုအရေးနှင့်ပတ်သက်၍ တိုးတက်မှုရှိလိမ့်မည်ဟု ထင်မှတ်ခဲ့ကြခြင်းမရှိပေ။
သို့သော် ရှီကျင့်ဖျင်က တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု တိုက်ဖျက်ရေးအစီအစဉ်များနှင့်ပတ်သက်၍ တိကျပြတ်သားသည့် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းကြောင့် အံ့အားသင့်စရာ ဖြစ်စေခဲ့သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါမှ လွန်မြောက်ချိန်တွင် ကမ္ဘာ့နိုင်ငံအားလုံးအနေဖြင့် ကမ္ဘာ့စီးပွားရေးအတွက် စိမ်းလန်းသည့်ပြန်လည်ထူထောင်ရေးကို အကောင်အထည်ဖော်ရန် တိုက်တွန်းခဲ့သည်။
'' ၂၀၃၀ ပြည့်နှစ်မတိုင်ခင် ကာဗွန်ဒိုင်အောက်ဆိုက် ထုတ်လွှတ်မှုကို အမြင့်ဆုံးအဆင့် သတ်မှတ်ဖို့ ရည်ရွယ်ထားပြီး ၂၀၆၀ ပြည့်နှစ်မတိုင်ခင် ကာဗွန်ထုတ်လွှတ်မှုကင်းစင်အောင် ဆောင်ရွက်ဖို့ ရည်ရွယ်ထားပါတယ်''ဟု ရှီကျင့်ဖျင်က ပြောသည်။
သို့သော် ကမ္ဘာ့နိုင်ငံအများအပြားက ဇီဝလောင်စာကို စတင်ရှောင်ကျဉ်ခဲ့သော်လည်း ၂၀၁၈ နှင့် ၂၀၁၉ ခုနှစ်များတွင် တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု ဆက်လက်မြင့်တက်ခဲ့သည်။ ကိုဗစ်-၁၉ ကပ်ရောဂါ ရင်ဆိုင်ရချိန်တွင် တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု ၂၅ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့သော်လည်း ကျောက်မီးသွေးစွမ်းအင်သုံး စက်ရုံများ၊ ဘိလပ်မြေနှင့် အခြားစက်မှုလုပ်ငန်းကြီးများ ပြန်လည်လည်ပတ်ခဲ့သည့် ဇွန်လတွင် တရုတ်နိုင်ငံ၏ ကာဗွန်ထုတ်လွှတ်မှု ပြန်လည်မြင့်တက်ခဲ့သည်။
Ref:BBC(KNT)