စက်တင်ဘာ ၂၃၊ နယူးယော့ခ်
နယူးယော့ခ်မြို့တွင် နှစ်စဉ်ကျင်းပလေ့ရှိသည့် ကုလသမဂ္ဂ အထွေထွေညီလာခံ၌ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က COVID-19 ရောဂါ ကူးစက်ပျံ့နှံ့မှုအတွက် တရုတ်နိုင်ငံအပေါ် အပြစ်တင်ခဲ့ခြင်းကြောင့် အမေရိကန်နှင့် တရုတ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။ COVID-19 ကမ္ဘာ့ကပ်ရောဂါအတွက် တရုတ်နိုင်ငံကို တာဝန်ယူခိုင်းရမည်ဟု ဒေါ်နယ်ထရမ့်က တိုက်တွန်းခဲ့ပြီး တရုတ်သမ္မတ ရှီကျင့်ဖျင်က အခြားနိုင်ငံတစ်နိုင်ငံနှင့် စစ်အေးကာလအတွင်း ဝင်ရောက်လိုစိတ်မရှိဟု ပြောခဲ့သည်။
ယခုနှစ် ကုလသမဂ္ဂ အထွေထွေညီလာခံကို ရုပ်သံမှတစ်ဆင့် ကျင်းပခဲ့ပြီး ကမ္ဘာ့ခေါင်းဆောင်များက ကြိုတင်ပြင်ဆင်ထားသည့် ရုပ်သံမိန့်ခွန်းများ ပေးပို့ခဲ့ကြသည်။ ထို့ကြောင့် ယခင်က ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မြင်တွေ့နေကြဖြစ်သည့် ပထဝီနိုင်ငံရေးအခင်းအကျင်းမျိုး မတွေ့ခဲ့ရပေ။ အမေရိကန်နှင့် တရုတ်နိုင်ငံမှာ ဟောင်ကောင်မြို့အရေး၊ ရှင်ကျန်းဒေသအရေး၊ ကုန်သွယ်ရေး၊ နည်းပညာ၊ တရုတ်(တိုင်ပေ)အရေး စသည့်ကိစ္စများနှင့်ပတ်သက်၍ တင်းမာမှုများ ရှိနေသည်။
''တစ်ကမ္ဘာလုံးဆီကို ဒီကပ်ရောဂါ ထုတ်လွှတ်ခဲ့တဲ့ နိုင်ငံကို ကျွန်တော်တို့ တာဝန်ယူခိုင်းရမှာပါ။ အဲဒီနိုင်ငံက တရုတ်နိုင်ငံပါပဲ။ ဗိုင်းရပ်စ်ကူးစက်ပြန့်ပွားတဲ့ အစောပိုင်းရက်တွေမှာ တရုတ်နိုင်ငံက ပြည်တွင်းခရီးသွားလာမှုကို ပိတ်ဆို့ခဲ့ပေမဲ့ တရုတ်နိုင်ငံကနေ ထွက်ခွာတဲ့ လေကြောင်းခရီးစဉ်တွေကို ခွင့်ပြုပေးခဲ့ပြီး တစ်ကမ္ဘာလုံး ရောဂါကူးစက်ခဲ့ရတယ်။ သူတို့က ပြည်တွင်းလေကြောင်းခရီးစဉ်တွေကို ဖျက်သိမ်းပြီး သူတို့နိုင်ငံသားတွေကို အိမ်ထဲမှာ ပိတ်ထားတာတောင် သူတို့နိုင်ငံအပေါ် ကျွန်တော်က ခရီးသွားလာခွင့်ပိတ်ပင်တာကို တရုတ်နိုင်ငံက ရှုတ်ချနေသေးတယ်''ဟု ဒေါ်နယ်ထရမ့်က ပြောခဲ့သည်။
အမေရိကန်နိုင်ငံမှာ ကမ္ဘာပေါ်တွင် COVID-19 ရောဂါဒဏ်ကို အဆိုးရွားဆုံး ခံစားနေရသည့် နိုင်ငံဖြစ်ပြီး ရောဂါကူးစက်ခံရသူ ၇ သန်းကျော်၊ သေဆုံးသူ ၂၀၀၀၀၀ ကျော် ရှိနေသည်။ ဒေါ်နယ်ထရမ့်က မိန့်ခွန်းပြောခဲ့ပြီးနောက် မကြာမီ ရှီကျင်ဖျင့်က မိန့်ခွန်းပြောခဲ့ရာ ယင်း၏မိန့်ခွန်းတွင် ယဉ်ကျေးမှုအချင်းချင်း တိုးတိုက်မိနိုင်သည့် အန္တရာယ်ကို သတိပေးခဲ့သည်။
'' ကျွန်တော်တို့က ဆွေးနွေး ညှိနှိုင်းမှုတွေလုပ်ပြီး တခြားနိုင်ငံတွေနဲ့ ကွာခြားမှုတွေကို လျှော့ချဖို့၊ အငြင်းပွားမှုတွေကို ဖြေရှင်းဖို့ ဆက်လုပ်သွားမှာပါ။ ကိုယ့်တစ်နိုင်ငံတည်း တိုးတက်စေဖို့ ဒါမှမဟုတ် ပေါင်းခြင်းသုည (တစ်နိုင်ငံ တိုးတက်ပြီး တခြားနိုင်ငံ ဆုတ်ယုတ်) ကစားပွဲမျိုးဖြစ်အောင် မလုပ်ပါဘူး''ဟု ရှီကျင့်ဖျင်က ပြောခဲ့သည်။
Ref:BBC(KNT)