နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
စင်ကာပူတစ်နိုင်ငံလုံး စိတ်ဝင်စားခဲ့သည့် သန်းကြွယ်သူဌေးနှင့် အိမ်အကူအမျိုးသမီးတို့၏အမှု ပြီးပြတ်

စက်တင်ဘာ ၂၃၊ စင်ကာပူ


စင်ကာပူတစ်နိုင်ငံလုံး စိတ်ဝင်စားခဲ့ကြသည့် သန်းကြွယ်သူဌေးနှင့် အိမ်အကူအမျိုးသမီးတို့၏အမှု ပြီးပြတ်သွားခဲ့ပြီး အထက်တရားရုံးချုပ်က အိမ်အကူအမျိုးသမီးကို တရားသေလွှတ်ပေးခဲ့သည်။ အင်ဒိုနီးရှားနိုင်ငံသူ အိမ်အကူအမျိုးသမီး ပါတီလီယာနီမှာ သန်းကြွယ်သူဌေး လျူမန်လွန်း၏အိမ်တွင် တစ်လလုပ်ခ စင်ကာပူဒေါ်လာ ၆၀၀ ဖြင့် ၂၀၀၇ ခုနှစ်ကတည်းက အလုပ်လုပ်ခဲ့သည်။


လျူမန်လွန်းမှာ စင်ကာပူစီးပွားရေးလောက၏ မျက်နှာဖုံးတစ်ဦးဖြစ်ပြီး အကြီးဆုံးကုမ္ပဏီတစ်ခု၏ ဥက္ကဋ္ဌဖြစ်သည်။ လျူမန်လွန်း၏သားဖြစ်သူ ကားလ်မှာ ယခင်က မိဘများနှင့်အတူတူ နေထိုင်ခဲ့သော်လည်း ၂၀၁၆ ခုနှစ်တွင် အိမ်ခွဲနေခဲ့သည်။


တရားရုံး၏မှတ်တမ်းများအရ ကားလ်က ပါတီလီယာနီကို ယင်း၏အိမ်အသစ်အား သန့်ရှင်းရေး လုပ်ခိုင်းခဲ့ပြီး ယင်း၏ရုံးခန်းကိုလည်း မကြာခဏ သန့်ရှင်းရေးလုပ်ခိုင်းသည်ဟု ဖော်ပြထားသည်။ အဆိုပါ လုပ်ရပ်မှာ စင်ကာပူနိုင်ငံ၏ အလုပ်သမားစည်းမျဉ်းဥပဒေများကို ချိုးဖောက်ရာရောက်သည်။ ကားလ်က အိမ်အသစ်သို့ ပြောင်းရွှေ့ခဲ့ပြီးနောက် လအနည်းငယ်အကြာတွင် ယင်းတို့နေအိမ်မှ ပစ္စည်းများကို ပါတီလီယာနီက ခိုးယူခဲ့ဖွယ်ရှိသည်ဟုဆိုကာ ယင်းကို အလုပ်ထုတ်ခဲ့သည်။


ထို့နောက်တွင် ကားလ်မိသားစုက ပါတီလီယာနီကို ၂ နာရီအတွင်း ပစ္စည်းအားလုံး ထုပ်ပိုးသိမ်းဆည်းခိုင်းပြီး အင်ဒိုနီးရှားနိုင်ငံသို့ ပြန်ခိုင်းခဲ့သည်။
ပါတီလီယာနီ ထွက်ခွာသွားပြီးနောက် ကားလ်၏မိသားစုက ယင်း၏အထုပ်အပိုးများကို စစ်ဆေးကြည့်ရာတွင် ယင်းတို့မိသားစု ပိုင်ဆိုင်သည့်ပစ္စည်းများ ပါဝင်နေကြောင်း တွေ့ရသည်ဟု ဆိုကာ ရဲစခန်းတွင် တိုင်ချက်ဖွင့်ခဲ့သည်။


ပါတီလီယာနီမှာ အင်ဒိုနီးရှားသို့ ပြန်လာပြီးနောက် ရက်သတ္တငါးပတ်အကြာတွင် အလုပ်သစ်ရှာရန်အတွက် စင်ကာပူနိုင်ငံသို့ ပြန်လာခဲ့ရာ ဖမ်းဆီးခံခဲ့ရပြီး တရားရင်ဆိုင်ခဲ့ရသည်။ အဆိုပါဖြစ်ရပ်မှာ စင်ကာပူနိုင်ငံတွင် လူချမ်းသာများက ဆင်းရဲနွမ်းပါးသည့် အလုပ်သမားများကို အနိုင်ကျင့်ကြသည့် ဥပမာတစ်ရပ်အဖြစ် သဘောထားခဲ့ပြီး နာကျည်းခံပြင်းမှုများ ရှိခဲ့သည်။


၂၀၁၉ ခုနှစ်တွင် ခရိုင်တရားရုံးက ပါတီလီယာနီကို အပြစ်ရှိသည်ဟု ဆုံးဖြတ်ပြီး ထောင်ဒဏ် ၂ နှစ်၊ ၂ လ ကျခံရန် စီရင်ချက်ချမှတ်ခဲ့သော်လည်း ပါတီလီယာနီက အထက်တရားရုံးတွင် အယူခံဝင်ခဲ့ရာ ယခုလအစောပိုင်းတွင် အထက်တရားရုံးက ယင်းကို တရားသေလွှတ်ပေးခဲ့သည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ