နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
တက်ညီလက်ညီ ဆောင်ရွက်စေချင်

စက်တင်ဘာ  ၂၂


လူသည် ရံဖန်ရံခါ အခက်အခဲ အကျပ်အတည်းများနှင့် ကြုံတွေ့ရတတ်ပေသည်။ မည်သို့သော အခက်အခဲ အကျပ်အတည်းရှိစေကာမူ စိတ်ပျက်ခြင်း၊ အားလျော့ခြင်း၊ ကြောက်ရွံ့နောက်ဆုတ်ခြင်းများဖြင့် ဘဝကို အရှုံးမပေးသင့်ပါ။ စိတ်ပျက်အားလျော့ခြင်းသည် ဘဝကို ကျဆုံးစေခြင်းလမ်းစပင်ဖြစ်သည်။ ရန်ကုန်မြို့တွင် ယခုရက်ပိုင်း COVID-19 ရောဂါ ပြန့်ပွားကူးစက်မှုတိုးလာ၏။ ရန်ကုန်မြို့သို့ ဒုတိယအကြိမ် တစ်ကျော့ပြန် ဝင်ရောက်လာချိန် ယနေ့အထိ ဗိုင်းရပ်စ်ပိုးပြန့်ပွားနေမှုက လျော့ပါးသွားခြင်းမရှိဘဲ ပိုးတွေ့လူနာ ၆၆၆ ဦးအထိ မြင့်လာသည်ကို ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

ကိုဗစ်ရောဂါပြန်ပွားနှုန်းသည် အစိုးရိမ်လွန်၊ အကြောက်လွန်၊ ပူပန်လွန်ကြရန်မဟုတ်သော်လည်း ဂရုပြု အလေးထားရန် လိုအပ်နေသည်။ ရောဂါကူးစက်ပျံ့နှံ့မှုကို ထိန်းချုပ်ရန် လိုအပ်ရာ မလိုအပ်ဘဲ အိမ်ပြင်မထွက်ရန် သတ်မှတ်ချက်များ ထုတ်ပြန်ထားသည်။ လက်ရှိအခြေအနေတွင် ပြည်သူများ၏ ပူးပေါင်းပါဝင်မှုသည် အရေးကြီးသည်။ ရောဂါပိုးရှိသူများနှင့် ထိတွေ့ခဲ့သူများကို သတင်းမပေး ထိမ်ချန်ထားခြင်းဖြင့် ထိုသူမှ ကူးစက်မှုများ ဆက်လက်ပြန့်ပွားကာ ရောဂါကူးစက်မှုထိန်းချုပ်ရေးတွင် အခက်အခဲဖြစ်ပေါ်စေသည်။ COVID-19 ရောဂါ ကူးစက်မှုမှာ လူတစ်ဦးမှတစ်ဦးသို့ ကူးစက်နိုင်သည့် အခြေအနေများကို ကန့်သတ် ဖြတ်တောက်ခြင်းဖြင့် ပိုးကူးစက်မှုနှုန်းကျဆင်းသွားမည်ဖြစ်သည်။

သို့သော်လည်း ကျန်းမာရေးအသိအားနည်းခြင်း၊ စိုးရိမ်လွန်ကဲခြင်းကြောင့် သတင်းထိမ်ချန်ခြင်း၊ မထီမဲ့မြင် စည်းကမ်းမဲ့သွားလာနေခြင်းတို့က ကိုဗစ်ရောဂါပြန့်ပွားမှုကို ပွားများစေနိုင်သည်ကို အလေးထားလိုက်နာသင့် သည်။ ကပ်ရောဂါနှင့် ရင်ဆိုင်နေရသည့်အချိန်တွင် ပြည်သူအားလုံးက နားလည်စာနာမှုများ၊ သည်းခံအောင့်အည်း မှုများနှင့်အတူ မြို့ပြနေပြည်သူများ အိမ်မှာနေရန် ကန့်သတ်ချက်ကို လိုက်နာရန် လိုအပ်သည်။ လူတစ်ယောက် ချင်း အနေဖြင့် သတ်မှတ်စည်းကမ်းများဖြစ်သော အပြင်ထွက်ပါက Mask တပ်ရန်၊ လက်ကို စက္ကန့် ၂၀ ကြာ ဆေးရန်နှင့် မကြာခဏဆေးကြောရန်၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာနေထိုင်ရန်၊ လူစုလူဝေးနေရာများကို မသွားလာရန်နှင့် သွားလာရမည်ဆိုပါက ခပ်ခွာခွာနေထိုင်ခြင်းဖြင့် တစ်ဦးချင်းမှသည် ကျန်းမာရေးစောင့်ရှောက် မှုကို တက်ညီလက်ညီ ကြိုးစားအားထုတ် လုပ်ဆောင်ကြမည်ဆိုပါက ကိုဗစ်ထိန်းချုပ်မှုလုပ်ငန်းများမှာ အောင်မြင်လာမည်ဟု ဆိုချင်ပါကြောင်း . . . . . ။        ။






အခြားဆက်စပ်သတင်းများ