စက်တင်ဘာ ၂၂၊ ခတ္တမန္ဒူ
အောက်ဆီဂျင်ဘူးမပါဘဲ ကမ္ဘာ့အမြင့်ဆုံး ဧဝရက်တောင်ကို ၁၀ ကြိမ်တိုင်တိုင် တက်ရောက်ခဲ့သည့် နာမည်ကျော် နီပေါတောင်တက်လမ်းပြ အန်ရီတာမှာ အသက် ၇၂ နှစ်အရွယ်တွင် ကွယ်လွန်သွားခဲ့သည်။ နှင်းကျားသစ်ဟု လူသိများသည့် အန်ရီတာမှာ ၁၉၈၃ ခုနှစ်က ဧဝရက်တောင်ထိပ်သို့ ပထမဆုံးအကြိမ် တက်ရောက်နိုင်ခဲ့သည်။ အန်ရီတာမှာ စက်တင်ဘာလ ၂၁ ရက်က ခတ္တမန္ဒူမြို့တွင် ကွယ်လွန်သွားခဲ့ခြင်းဟု ယင်း၏မိသားစုက ပြောသည်။ အန်ရီတာမှာ ဦးနှောက်နှင့် အသည်းရောဂါများ ခံစားခဲ့ရသူဖြစ်သည်။ အန်ရီတာ ကွယ်လွန်ခြင်းမှာ နီပေါနိုင်ငံနှင့် တောင်တက်သူများ အသိုင်းအဝိုင်းအတွက် ကြီးမားသည့် ဆုံးရှုံးမှုတစ်ရပ်ဟု မှတ်ချက်ပေးခဲ့ကြသည်။
အန်ရီတာသည် ၁၉၈၃ ခုနှစ်မှ ၁၉၉၆ ခုနှစ်ကြားကာလအတွင်း အောက်ဆီဂျင်ဘူးမပါဘဲ ဧဝရက်တောင်ကို ၁၀ ကြိမ်တိုင်တိုင် တက်ရောက်နိုင်ခဲ့သည့် ကမ္ဘာ့တစ်ဦးတည်းသော တောင်တက်သမားအဖြစ် ၂၀၁၇ ခုနှစ်တွင် ဂင်းနက်စ်စံချိန်တင်နိုင်ခဲ့ပြီး လက်ရှိအချိန်အထိ အဆိုပါစံချိန်ကို ဆက်ထိန်းထားနိုင်ဆဲဖြစ်သည်။ အန်ရီတာသည် ၁၉၈၇ ခုနှစ်က အောက်ဆီဂျင်အပိုမပါဘဲ အမြင့်ပေ ၂၉၀၂၈ ပေ မြင့်သည့် ဧဝရက်တောင်ကို ဆောင်းရာသီတွင် တက်ရောက်နိုင်ခဲ့သည့် ပထမဆုံးတောင်တက်သမားအဖြစ်လည်း စံချိန်တင်ထားသူဖြစ်သည်။ ယင်း၏ တောင်တက်စွမ်းရည်ကြောင့် အန်ရီတာကို နှင်းကျားသစ်ဟု ချစ်စနိုး ခေါ်ဝေါ်ကြခြင်းဖြစ်သည်။ အန်ရီတာသည် ဟိမဝန္တာသဘာဝပတ်ဝန်းကျင်နှင့် ဇီဝမျိုးကွဲစုံလင်မှုကို ကာကွယ်စောင့်ရှောက်ရေး စီမံကိန်းများတွင် ပါဝင်ဆောင်ရွက်ပေးနေသူဖြစ်သည်။
Ref:BBC(KNT)