စက်တင်ဘာ ၂၁၊ ဗန်ကောက်
ထိုင်းတော်ဝင်မိသားစုကို ဆန့်ကျင်ကြောင်း ပြသသည့်အနေဖြင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူများက ထိုင်းနိုင်ငံကို ပြည်သူလူထုပိုင်ဆိုင်သည်ဟု ရေးထွင်းထားသည့် ကမ္ပည်းပြားကို တပ်ဆင်ခဲ့ကြသည်။ ထိုင်းဘုရင် မဟာဝဇီရာလောင်ကွန်းကို စိန်ခေါ်သည့်အနေဖြင့် ဗန်ကောက်မြို့ရှိ နန်းတော်အနီးတွင် ပြည်သူ့ကမ္ပည်းပြားဟု ကင်ပွန်းတပ်ထားသည့် ကမ္ပည်းပြားကို အုတ်မြစ်ချခဲ့ကြသည်။
အဆိုပါလုပ်ရပ်ကို ရဲတပ်ဖွဲ့က ကြားဝင်ဟန့်တားခဲ့ခြင်းမရှိသကဲ့သို့ ရုတ်ရုတ်သဲသဲ အခြေအနေ ဖြစ်ပွားခဲ့ခြင်းလည်း မရှိပေ။ ပြီးခဲ့သည့်ဇူလိုင်လကတည်းက ထိုင်းနိုင်ငံ၏ တော်ဝင်မိသားစုနှင့် နိုင်ငံရေးစနစ်ကို ပြုပြင်ပြောင်းလဲရန်အတွက် ကျောင်းသားများ ဦးဆောင်သည့် ဆန္ဒပြပွဲများ ပေါ်ပေါက်လာခဲ့သည်။
ပြီးခဲ့သည့်အားလပ်ရက်က ဆန္ဒပြပွဲများမှာ ပြီးခဲ့သည့်နှစ်များအတွင်း အင်အားအကြီးဆုံး ဆန္ဒပြပွဲများ ဖြစ်ပြီး လူသောင်းချီက အာဏာပိုင်များ၏အမိန့်ကို ဖီဆန်ကာ ပြုပြင်ပြောင်းလဲရေးလုပ်ရန် တောင်းဆို ခဲ့ကြသည်။ ပြီးခဲ့သည့်စနေနေ့က ဆန္ဒပြပွဲတွင် လူ ၁၈၀၀၀ ပါဝင်ခဲ့သည်ဟု အာဏာပိုင်များက ဆိုသော်လည်း ၁၈၀၀၀ ထက် ပိုများသည်ဟု အချို့သူများက ပြောသည်။ ဆန္ဒပြသူအများအပြားမှာ တနင်္ဂနွေနေ့အထိ ဆန္ဒပြခဲ့ကြပြီးနောက် လူစုခွဲခဲ့ကြသည်။
Ref:BBC(KNT)