စက်တင်ဘာ ၂၁၊ ကိုင်ရို
လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ ကျော်က မြှုပ်နှံခဲ့သည့် ရှေးဟောင်းအခေါင်း ၂၇ ခေါင်းကို ရှေးဟောင်းပညာရှင်များက အီဂျစ်နိုင်ငံ ရှေးဟောင်းသုသာန်အတွင်းမှ တူးဖော်တွေ့ရှိခဲ့သည်။ ကိုင်ရိုမြို့ တောင်ပိုင်း ဆက်ကာရာမြို့ရှိ အထွတ်အမြတ်ထားသည့်နေရာ၌ အသစ်တူးဖော်တွေ့ရှိသည့် ရေတွင်းထဲမှ အခေါင်းများ တွေ့ရှိခဲ့ခြင်းဖြစ်သည်။ ယခုလအစောပိုင်းက ရှေးဟောင်းအခေါင်း ၁၃ ခု တွေ့ရှိခဲ့ခြင်းဖြစ်ပြီး ယခုတစ်ဖန် ရှေးဟောင်းအခေါင်း ၁၄ ခေါင်း ထပ်မံတွေ့ရှိခဲ့ခြင်းဟု အရာရှိများက ပြောသည်။
အဆိုပါတွေ့ရှိမှုမှာ ရှေးဟောင်းအခေါင်း တွေ့ရှိမှုများအနက် အကြီးမားဆုံးတွေ့ရှိမှုတစ်ရပ်ဖြစ်သည် ဟု ကျွမ်းကျင်ပညာရှင်များက ပြောသည်။ ထွက်ပေါ်လာသည့်ဓာတ်ပုံများအရ အရောင်အသွေးစုံလင်စွာ ဆေးခြယ်ထားပြီး လက်ရာမပျက်ရှိနေသေးသည့် သစ်သားအခေါင်းများနှင့် သေးငယ်သည့် ရှေးဟောင်းပစ္စည်း တွေ့ရသည်။
ဆက်ကာရာမြို့မှာ လွန်ခဲ့သည့် နှစ်ပေါင်း ၃၀၀၀ ကျော်က သုသာန်ဖြစ်ခဲ့ပြီး ယူနက်စကို၏ ကမ္ဘာ့အမွေအနှစ်စာရင်းဝင်နေရာဖြစ်သည်။ '' ကနဦး လေ့လာချက်တွေအရ ဒီအခေါင်းတွေက လုံးဝအပိတ်တွေပါ။ မြေမြှုပ်ပြီးကတည်းက မဖွင့်ရသေးပါဘူး''ဟု အီဂျစ်နိုင်ငံ ရှေးဟောင်းဝန်ကြီးဌာနက ပြောသည်။
အီဂျစ်နိုင်ငံ ရှေးဟောင်းဝန်ကြီး ခါလစ်အယ်အနာနီက အဆိုပါနေရာသို့ ယင်းကိုယ်တိုင် ရောက်လာချိန်အထိ တွေ့ရှိမှုကို ကြေညာရန် ဆိုင်းငံ့ထားခြင်းဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ရှေးဟောင်းအခေါင်းများ၏ ဇစ်မြစ်နှင့်ပတ်သက်၍ အသေးစိတ်အချက်အလက်များကို ဖော်ထုတ်နိုင်ရန် ကျွမ်းကျင်ပညာရှင်များက ကြိုးပမ်းနေခြင်းကြောင့် တူးဖော်ရှာဖွေမှုများ ဆက်လက်ပြုလုပ်နေဆဲဖြစ်သည်။
Ref:BBC(KNT)