စက်တင်ဘာ ၂၀၊ ဝါရှင်တန်
ရီစင်အဆိပ်ပါဝင်ပြီး အမေရိကန်သမ္မတဒေါ်နယ်ထရမ့်ထံ လိပ်မူထားသည့် စာအိတ်တစ်လုံးကို အိမ်ဖြူတော် သို့ မရောက်မီ ကြားဖြတ်တားဆီးနိုင်ခဲ့သည်ဟု အမေရိကန်အရာရှိများက ပြောသည်။ ယခုရက်သတ္တပတ် အစောပိုင်းက အိမ်ဖြူတော်သို့ ပေးပို့သည့်စာများ စစ်ဆေးသည့်စက်တွင် ရီစင်အဆိပ်ပါသည့်စာအိတ်ကို တွေ့ရှိခဲ့ခြင်းဟု အရာရှိများက ပြောသည်။
စာအိတ်အတွင်း တွေ့ရှိသည့် အရာမှာ ကြက်ဆူပင်များတွင် သဘာဝအတိုင်း တွေ့ရသည့် ရီစင် အဆိပ်ဖြစ်ကြောင်း ယင်းတို့က ဆိုသည်။ အဆိုပါဖြစ်ရပ်နှင့်ပတ်သက်၍ သမ္မတဒေါ်နယ်ထရမ့်၏ အမေရိကန် အစိုးရက မှတ်ချက်တစ်စုံတစ်ရာပေးခြင်းမရှိသေးပေ။ အဆိုပါစာအိတ်ကို မည်သည့်နေရာမှ ပို့ခဲ့ခြင်း၊ အမေရိကန်နိုင်ငံ၏ စာတိုက်လုပ်ငန်းမှတစ်ဆင့် အဆိပ်ပါသည့် နောက်ထပ်စာအိတ်များ ပေးပို့ခဲ့ခြင်း ရှိ၊ မရှိ ဆိုခြင်းကို FBI နှင့် ထောက်လှမ်းရေးအဖွဲ့က စုံစမ်းစစ်ဆေးနေသည်။ '' လောလောဆယ်တော့ အများပြည်သူ လုံခြုံရေးကို ခြိမ်းခြောက်မှုမရှိသေးပါဘူး''ဟု FBI က ပြောသည်။ အဆိပ်ပါသည့် စာအိတ်ကို ကနေဒါနိုင်ငံမှ ပေးပို့ခဲ့ဖွယ်ရှိသည်ဟု စုံစမ်းစစ်ဆေးသူများက ယုံကြည်နေကြောင်း အရာရှိတစ်ဦးက နယူးယော့ခ်တိုင်းသတင်းစာသို့ ပြောသည်။ ယခင်ကလည်း အိမ်ဖြူတော်နှင့် ပြည်ထောင်စုအစိုးရ အဆောက်အအုံများကို ရီစင်အဆိပ်ပါဝင်သည့် အထုပ်များ ပေးပို့ခဲ့ဖူးသည်။ ၂၀၁၄ ခုနှစ်တွင် အမေရိကန်သမ္မတ ( ဟောင်း) အိုဘားမားနှင့် အခြားအရာရှိများထံ ရီစင်အဆိပ် သုတ်လိမ်းထားသည့်စာများ ပေးပို့ခဲ့ခြင်းကြောင့် မစ္စစ္စပီပြည်နယ်မှ အမျိုးသားတစ်ဦးကို ထောင်ဒဏ် ၂၅ နှစ် ချမှတ်ခဲ့ဖူးသည်။
Ref:BBC(KNT)