စက်တင်ဘာ ၂၀၊ ဝါရှင်တန်
နယူးယော့ခ်ပြည်နယ်ရှိ နေအိမ်ပါတီပွဲတစ်ခုတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းကြောင့် လူနှစ်ဦးသေဆုံး ခဲ့ပြီး အခြားလူ ၁၄ ဦး ဒဏ်ရာရခဲ့သည်။ အခင်းဖြစ်ပွားရာနေရာသို့ ရောက်ရှိချိန်တွင် လူ ၁၀၀ နီးပါး က လမ်းပေါ်ထွက်ပြေးလာကြကြောင်း တွေ့ရသည်ဟု ရိုချက်စတာမြို့ ရဲတပ်ဖွဲ့က ပြောသည်။ ပြီးခဲ့ သည့်စနေနေ့က ဖြစ်ပွားခဲ့သည့် ပစ်ခတ်မှုနှင့်ပတ်သက်၍ သံသယရှိသူများကို ဖမ်းဆီးနိုင်ခြင်းမရှိသေး သကဲ့သို့ ပစ်ခတ်မှုဖြစ်ပွားသည့် အကြောင်းရင်းကိုလည်း မသိရသေးပေ။ သေဆုံးသူ အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးမှာ အသက် ၁၈ နှစ်နှင့် ၂၂ နှစ်အရွယ်ရှိသူများဖြစ်ကြောင်း ယာယီရဲမှူးချုပ် ဆင်မွန်က ပြောသည်။ ဒဏ်ရာရသူ ၁၄ ဦးတွင် အသက်အန္တရာယ် စိုးရိမ်ရသည့် ဒဏ်ရာရသူမရှိပေ။ နယူးယော့ခ်ပြည်နယ်တွင် ကိုရိုနာဗိုင်းရပ်စ် ကူးစက်ပြန့်ပွားမှုဆိုင်ရာ ကန့်သတ်ချက်များကြောင့် ပါတီပွဲများကျင်းပခြင်းကို တားမြစ် ထားသည်။
ဖမ်းဆီးခံရချိန်တွင် ခေါင်းစွပ်စွပ်ပြီး ချုပ်ခံထားရသည့် လူမည်းအမျိုးသား ဒန်နီယယ်ပရုဒ် သေဆုံး ခဲ့သည့်ဖြစ်ရပ်ကြောင့် ရိုချက်စတာမြို့ ရဲတပ်ဖွဲ့မှာ ဖိအားပေးခံနေရသည်။ ဒန်နီယယ်ပရုဒ်မှာ ပြီးခဲ့သည့်မတ်လက သေဆုံးခဲ့ခြင်းဖြစ်ပြီး ယခုလအစောပိုင်းမှသာ အဆိုပါကိစ္စမှာ လူသိရှင်ကြား ဖြစ်လာခဲ့သည်။ အဆိုပါကိစ္စအပေါ် ယင်း၏ကိုင်တွယ်မှုမှာ ပုံဖျက်ဖော်ပြခံရသည်ဟုဆိုကာ ရိုချက်စတာမြို့ ရဲမှူးချုပ် ဆင်ဂယ်တာရီက ရာထူးမှ နုတ်ထွက်ခဲ့သည်။ ရဲအရာရှိ ၇ ဦးမှာလည်း တာဝန်မှ ဆိုင်းငံ့ခံခဲ့ရသည်။
Ref:BBC(KNT)