နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ထိုင်းနိုင်ငံတွင် နိုင်ငံရေးပြုပြင်ပြောင်းလဲမှုလုပ်ရန် လူသောင်းချီဆန္ဒပြ

စက်တင်ဘာ ၂၀၊ ဗန်ကောက်


ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစု၏ အခန်းကဏ္ဍအပါအဝင် နိုင်ငံရေးစနစ် ပြုပြင်ပြောင်းလဲရန် တောင်းဆိုသည့်အနေဖြင့် လူသောင်းချီက ဗန်ကောက်မြို့တွင် ဆန္ဒပြခဲ့ကြသည်။ အနည်းဆုံး လူ ၁၅၀၀၀ ပါဝင်ခဲ့သည့် ဆန္ဒပြပွဲမှာ ပြီးခဲ့သည့်နှစ်များအတွင်း အကြီးမားဆုံး ဆန္ဒပြပွဲတစ်ခုဖြစ်ခဲ့သည်ဟု ရဲတပ်ဖွဲ့က ဆိုသည်။ ဆန္ဒပြသူအချို့က '' မြေရှင်ပဒေသရာဇ်စနစ် ကျဆုံးပါစေ။ လူထုအသက်ရှည်ပါစေ''ဆိုသည့် ကြွေးကြော်သံများ ဟစ်ကြွေးခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ရုန်းရင်းဆန်ခတ် ဖြစ်ပွားခဲ့ခြင်းမရှိပေ။ ပြီးခဲ့သည့်ဇူလိုင်လမှစတင်၍ ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ပေးရန် တောင်းဆိုသည့် စုဝေးပွဲများ ကျင်းပခဲ့ကြသည်။ ပရာယွတ်ချန်အိုချာမှာ ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုတွင် အာဏာရရှိခဲ့ပြီး ပြီးခဲ့သည့်နှစ်က အငြင်းပွားဖွယ် ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သူဖြစ်သည်။

ပြီးခဲ့သည့်စနေနေ့က ကျောင်းသား၊ ကျောင်းသူများ ဦးဆောင်သည့် ဆန္ဒပြပွဲမှာ သမ်မဆတ်တက္ကသိုလ် မှတစ်ဆင့် တော်ဝင်အခမ်းအနားများကျင်းပသည့် နန်းတော်ဘေးရှိ ပန်းခြံသို့ ရောက်ရှိလာခဲ့ခြင်းဖြစ်သည်။ ''လူထုရဲ့အင်အားက လူထုရဲ့အရေးပါမှုဆိုတာ သိမြင်လာစေဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့က ဘုရင်စနစ်ကို ဖျက်သိမ်းဖို့ တိုက်ပွဲဝင်နေတာ မဟုတ်ပါဘူး။ နေရာမှန်ကို ရောက်အောင် တိုက်ပွဲဝင်နေတာပါ''ဟု  ကျောင်းသားခေါင်းဆောင် ဂျာဒီနော့ခ်က ပြောသည်။ တော်ဝင်မိသားစုကို ဝေဖန်ပါက ကာလရှည် ထောင်ဒဏ်ပြစ်ဒဏ်များ ချမှတ်နိုင်သည့် ထိုင်းနိုင်ငံတွင် တော်ဝင်မိသားစုကို ပြုပြင်ပြောင်းလဲမှုလုပ်ရန် တောင်းဆိုခြင်းမှာ ထိလွယ်ရှလွယ်ကိစ္စဖြစ်သည်။                                                             


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ