စက်တင်ဘာ ၁၉
ကိုဗစ်နိုင်တင်းဟာ တို့ကို အိမ်တွင်းမှာနေပြီး ကိုယ်လက်လှုပ်ရှားကြအောင် တွန်းအားပေးနေသလိုဖြစ် နေတယ်။ အဲဒီလိုကိုယ်လက်လှုပ်ရှားတာဟာ အချိန်အခါလိုက်ပြီး ပြောင်းလဲတတ်ပါတယ်။ တကယ်တော့ ဟိုးအရင် ရာစုနှစ်တွေကတည်းက အိမ်တွင်းမှာ ကိုယ်လက်ကြံ့ခိုင်ရေး လေ့ကျင့်ကြတာကို တို့ဘဝတွေမှာ ပုံသွင်းပေးခဲ့သေးတယ်မဟုတ်လား။ ပုံဝင်တာ မဝင်တာကတော့ ကိုယ့်ကိစ္စပေါ့။ လူအများစုဟာ အရင့်အရင်က တွေ့ကြုံခဲ့ကြတဲ့ သူတို့ရဲ့အိမ်တွင်းလေ့ကျင့်ခန်းတွေကို မှတ်မိတတ်ကြပါတယ်။ မိမိဆိုရင် ၉၀ ပြည့်နှစ်တွေကတည်းက စနေ၊ တနင်္ဂနွေရက်တွေမှာ နံနက်စောစောထပြီး ကျန်းမာရေးလေ့ကျင့်ခန်း တွေလုပ်ခဲ့ကြဖူးတာကို သတိရနေသေးတယ်လေ။ မေ့မသွားသေးပေမဲ့ အဆက်ပြတ်တာကြာလှပေါ့။ ကိုယ်ထဲ ကို အပျင်းစိတ်တွေဝင်နေရင် ဘာတွေပြောနေနေ အလကားဖြစ်မှာပဲ။
ဒီလိုနဲ့ နည်းနည်းစောပြီး စိတ်ကူးတွေ ကိန်းအောင်းလာတယ်လို့ ပြောရမယ်ထင်တယ်။ ကျန်းမာသန်စွမ်းအောင် အိမ်မှာပဲတစ်ကိုယ်ရေလေ့ကျင့်တာကို မင်းသမီး ဂျိန်းဖွန်ဒါက ဖော်ထုတ်ခဲ့တယ်။ တီဗွီဖန်သားပြင်ပေါ်မှာ ဒူးကစဝတ်ရတဲ့ခြေအိတ်ရှည်လေးနဲ့ စပျစ်ပင်နွယ်တက်သလို ပျက်ချော်ချော်နဲ့ ကိုယ်လက်လှုပ်ရှားနေပုံကို သတိရမိသေးတယ်။
ဒါမျိုးဆို သတိရတတ်တယ်လို့ အပြစ် တင်ရင်လည်းခံရမှာပဲ။ တချို့လူတွေကတော့ သမားရိုးကျမဟုတ်တဲ့ခြေလှမ်းတွေ စလှမ်းနေကြတယ်။ အလေ့အကျင့်လုပ်တဲ့စက်နဲ့ ထပ်တလဲလဲလုပ်နေရတာကို ငြီးငွေ့နေကြပြီး အသစ်အဆန်းထွင်ကြတာ ထင်တယ်။ ဆယ်စုနှစ်တွေကြာလာတဲ့အထိ အိမ်မှာကိုယ်လက်လှုပ်ရှားနေကြတာတွေ ရှိနေပါပြီ။ ကိုဗစ် နိုင်တင်းကြောင့် ကမ္ဘာတစ်ခွင်လုံးက ကိုယ်လက်ကြံ့ခိုင်ရေးအားကစားရုံတွေ ပိတ်လိုက်ပြီး နောက်ပိုင်း အသစ်အဆန်းတစ်မျိုးအနေနဲ့ ပေါ်လာတာဖြစ်နေတယ်။
လူအတော်များများက တစ်ခုခုလုပ်နေကြတာ။ ယောဂကျင့်ပေးတဲ့သင်တန်းတွေ ဖွင့်ကြတယ်။ စက်ဘီးစီးတဲ့ အုပ်စုတွေကလည်း ပြိုင်ပွဲဝင်နိုင်အောင် အားထည့်နေကြတယ်။ စိုးရိမ်သောကကို စဉ်းစားမနေတော့ဘဲ သူအုပ်စုနဲ့သူ ဈေးလျှောက်ဝယ်ကြတဲ့သူတွေလည်းရှိတယ်။ တို့တစ်တွေဟာ နံရံလေးဖက်သာရှိတဲ့ အခန်းပိတ်ထဲမှာ ကိုယ်လက်လှုပ်ရှားလေ့ကျင့်တာကို ထိထိရောက်ရောက် ဖြစ်စေမယ့်နည်းလမ်းတွေကို ကြိုးစားရှာနေကြတဲ့သဘောပါ။
ခြေထောက်တွေ၊ ပေါင်တွေကို အငြိမ် မထားဘူး နည်းအမျိုးမျိုးနဲ့ လေ့ကျင့်နေကြတယ်။ Wii Fit ဆိုတဲ့ ကိုယ်လက်လှုပ်ရှားပေးရတဲ့ ဂိမ်းတွေ လည်းပေါ်နေကြတယ်။ အမျိုးသမီးတွေကိုတော့ ဦးစားပေးနေပုံရတယ်။ ဒါပေမဲ့ ဒါတွေဟာ ကူးစက်ရောဂါပေါ်ပြီးနောက်ပိုင်းမှာ ဘယ်လိုအလုပ်မျိုးတွေ ပေါ်လာတယ်။ ဘယ်ကို ဦးတည်နေတယ်ဆိုတာ တိတိကျကျ ပြောရခက်တယ်။
အမှန်တော့ လေ့ကျင့်ခန်းလုပ်ကြတဲ့ အလေ့အထဟာ တို့ပတ်ဝန်းကျင်မှာ ပေါ်နေတာ တော်တော်ကြာပါ ပြီ။ ယောဂကျင့်စဉ်ဆိုရင် အိန္ဒိယမှာ။ တိုက်ချိဆိုရင် တရုတ်မှာ။ ပြီးတော့ အိုလံပစ်ကာယလေ့ကျင်ခန်းတွေကို ဂရိနိုင်ငံမှာလုပ်ကြတာ နှစ်ပေါင်းထောင်ချီနေပါပြီ။ ဒါပေမဲ့ ကနေ့ တို့သိနေတဲ့ အံ့ဝင်ခွင်ကျဖြစ်အောင် လှုပ်ရှားကြတာက နှစ်ပေါင်း ၂၀၀ လောက်တောင် မကြာသေးဘူးဆိုတော့ နှိုင်းပြောရရင် အသစ်လို့ ဆိုနိုင်တာပေါ့။
အစောဆုံးသာဓကတွေကတော့ အင်္ဂလန်က ဗစ်တိုရီးယမ်းမှာ ၁၈၆၁ ခုနှစ်မှာ ရေးထားတဲ့ လမ်းညွှန် စာအုပ်မှာ ပါပါတယ်။ အဲဒီထဲမှာမိန်းမတွေက စကဒ်လို အတွင်းခံမျိုးနဲ့ ၊ ယောက်ျားတွေကျတော့ နက်ကတိုင်နဲ့ လေ့ကျင့်နေကြတာပြထားတယ်။ ကြွက်သားအနေအထားချင်းမတူကြဖူးကိုး။ ဒီလိုနေ့စဉ်စနစ်တကျ ကိုယ်လက်လှုပ်ရှားစေတဲ့ စိတ်ကူးက စက်သမားတစ်ဦးဖြစ်တဲ့ ဂက်အာမာဆီက ထွက်လာတာ။ သူဟာ လန်ဒန်မှာ အရိုးကျိုးရင်ပြင်ပေးတတ်လို့ အိမ်တွင်းကာယလေ့ကျင်တာ တီထွင်ခဲ့တယ်လေ။ ဘာပဲဖြစ်ဖြစ် သူ့စိတ်ကူးကိုတော့ လေးစားရတယ်။ ကိုဗစ်ကလည်း ဒီလိုအထင်ကြီးလေးစားစရာ စိတ်ကူးတွေပေါ်စေနိုင်ပါကြောင်း။
ဘိုငြိမ်းသာ