နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
လာမည့်တနင်္ဂနွေနေ့မှစတင်၍ အမေရိကန်နိုင်ငံတွင် TikTok နှင့် WeChat ကို ပိတ်ပင်မည်

စက်တင်ဘာ ၁၉၊ ဝါရှင်တန်

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က နောက်ဆုံးမိနစ်စာချုပ်ကို သဘောတူညီခြင်းမရှိပါက လာမည့် တနင်္ဂနွေနေ့မှစတင်၍ TikTok နှင့် WeChat တို့ကို အမေရိကန်နိုင်ငံ၏ app စတိုးဆိုင်များမှ ပိတ်ပင် သွားမည်ဖြစ်သည်။ အမေရိကန်နိုင်ငံတွင် နေထိုင်သူများအနေဖြင့် app စတိုးဆိုင်များမှတစ်ဆင့် အဆိုပါ app များ Download ဆွဲခြင်းအား ပိတ်ပင်သွားမည်ဟု အမေရိကန်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ပြောသည်။

တရုတ်နိုင်ငံအခြေစိုက် TikTok နှင့် WeChat ကုမ္ပဏီများမှာ အမျိုးသားလုံခြုံရေးကို ခြိမ်းခြောက်နေပြီး အသုံးပြုသူများ၏ အချက်အလက်များကို တရုတ်အစိုးရထံ လွှဲပြောင်းပေးအပ်ဖွယ်ရှိသည်ဟု ဒေါ်နယ်ထရမ့်၏ အစိုးရအဖွဲ့က စွပ်စွဲထားသည်။ သို့သော် တရုတ်အစိုးရနှင့် အဆိုပါကုမ္ပဏီနှစ်ခုလုံးက အမေရိကန်အစိုးရအဖွဲ့၏ စွပ်စွဲချက်ကို ငြင်းဆန်ထားသည်။ လာမည့်တနင်္ဂနွေနေ့မှစတင်၍ အမေရိကန်နိုင်ငံတွင် WeChat ကို ပိတ်ပင်မည်ဖြစ်သော်လည်း TikTok ကို နိုဝင်ဘာလ ၁၂ ရက်အထိ အသုံးပြုနိုင်ဦးမည်ဖြစ်သည်။

 ပြီးခဲ့သည့်သြဂုတ်လတွင် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးခဲ့သည့် ညွှန်ကြားချက်အမိန့် ထွက်လာခဲ့ပြီးနောက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ယခုကဲ့သို့ ပိတ်ပင်ကြောင်း ကြေညာခဲ့ခြင်းဖြစ်သည်။ အမေရိကန်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများကို အဆိုပါတရုတ်ကုမ္ပဏီများနှင့် လုပ်ငန်း ဆောင်ရွက်မှု ရပ်တန့်ရန် ၄၅ ရက် အချိန်ပေးထားသည်။ အမေရိကန်နည်းပညာကုမ္ပဏီ Oracle နှင့် TikTok app ကို ပိုင်ဆိုင်သည့် ByteDance ကုမ္ပဏီတို့ ပူးပေါင်းလုပ်ဆောင်မည့် အစီအစဉ်ကို ဒေါ်နယ်ထရမ့်က အတည်ပြု ပေးပါက TikTok app ကို အမေရိကန်နိုင်ငံတွင် ပိတ်ပင်မည်မဟုတ်ပေ။   

Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ