နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
Quarantine Center စားစရိတ်ကျခံပေးရမည့် အစီအစဉ်ကို ရန်ကုန်တိုင်းတွင် စတင်မည်

ရန်ကုန် ဧပြီ ၂၄ ယခုရက်ပိုင်းစတင်ဖွင့်လှစ်ခဲ့သည့် ကမာရွတ်တက္ကသိုလ်များနယ်မြေရှိ အမရာဆောင်သစ်တွင် စောင့်ကြည့် ခံရမည့်သူများအနေဖြင့် တစ်ကိုယ်ရေသုံးပစ္စည်းများ ယူဆောင်လာရန်နှင့် နံနက်စာ၊ နေ့လယ်စာ၊ ညစာ အတွက်တစ်နေ့ ငါးထောင်ကျပ်နှုန်းပေးဆောင်ရန် ရန်ကုန်တိုင်းအစိုးရနှင့် ကျန်းမာရေးဦးစီးဌာနက ဆုံးဖြတ် လိုက်ကြောင်း ရန်ကုန်တိုင်း COVID-19 ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင် ရန်ကုန်တိုင်း အလုပ်သမားဝန်ကြီး ဒေါ်မိုးမိုးစုကြည်က ပြောသည်။ လက်ရှိ ရန်ကုန်တိုင်းတွင် စင်တာပေါင်း၂၅ ခုရှိသည့်အနက် စားသောက်စရိတ် တစ်ရက် ၅၀၀၀ ကျပ်ပေးရသည့်အစီအစဉ်မှာ အမရာဆောင်တစ်ခုသာရှိသေးကြောင်း၊ တတ်နိုင်သူများ အနေဖြင့်တစ် ကိုယ် ရည်သုံးပစ္စည်းများ ယူဆောင်ရန်နှင့် တစ်နေ့စာ စားသောက်စရိတ် ကျပ်ငါးထောင်ပေးဆောင်ရန် စီစဉ် ခဲ့ခြင်းဖြစ်ကြောင်း ယင်းကပြောသည်။ အခြားသောစင်တာများတွင်မူ အလှူရှင်များနှင့် ဆရာတော်များက စောင့်ကြည့်ခံရသူများအတွက် နေ၊ စားစရိတ်ကို လှူဒါန်းပေးလျက်ပင်ရှိကြောင်း၊ အလှူရှင်မရှိပါက စားစရိတ်ကောက်ခံရမည်ဖြစ်ကြောင်း ပြောထားသည်။ “စားသောက်ရေးအတွက် ငါးထောင်ကို ချက်ပေးရတဲ့ဆိုင်တွေက ငါးထောင်နှုန်းနဲ့မရရအောင်ချက်ပြီးတော့ lunch box, dinner box တွေနဲ့ပို့ပါတယ်။ အမရာဆောင်မှာ ငါးထောင်နှုန်းနဲ့ကျွေးဖို့ ညှိနှိုင်းပြီးတော့ ကိုယ့်ရဲ့ တစ်ကိုယ်ရေတစ်ကာယ တစ်နေ့စာလေးကို ပါဝင်ကြဖို့အတွက် ကျန်းမာရေးဌာနကလည်း ဆောင်ရွက်တယ်” ဟု ယင်းက ထပ်မံပြောထားသည်။ သို့သော် ခြွင်းချက်အနေဖြင့် တစ်နေ့လျှင် ငါးထောင်ကျပ်ပေးဆောင်ရန် ခက်ခဲသူများကို တိုင်း ကျန်းမာရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းအစိုးရက ကူညီပေးသွားမည်ဖြစ်ကြောင်းသိရသည်။ ၂၁ ရက်ကြာ စောင့်ကြည့်ခံရမည်ဖြစ်ရာ တစ်ရက်လျှင် ငါးထောင်ကျပ်နှုန်းဖြင့် စုစုပေါင်း ၁၀၅၀၀၀ ကျပ် ကိုယ်တိုင်ကျခံရမည်ဖြစ်သည်။ လှိုင်သာယာမြို့နယ်ရှိလူနာနံပါတ်၁၁၁နှင့်ထိတွေ့ခဲ့သူလေးဦးမှာငွေကြေးမတတ်နိုင်သူများဖြစ်၍ ယင်းတို့ အတွက် ကုန်ကျစရိတ်ကို လှိုင်သာယာမြို့နယ် ကိုဗစ်ကော်မတီက တာဝန်ယူပေးထားကြောင်း သိရသည်။ လက်ရှိတွင် အလှူရှင်များရှိသဖြင့် အခက်အခဲမရှိကြောင်းနှင့် စောင့်ကြည့်ခံထားရသူ တစ်ရာကျော်ရှိကြောင်း ကို အမရာဆောင်စင်တာမှ တာဝန်ရှိသူ ဒေါ်ဟန်နီနီဇော်က ပြောသည်။ (NWA)






အခြားဆက်စပ်သတင်းများ