စက်တင်ဘာ ၁၈၊ ဘေဂျင်း
ရှင်ကျန်းဒေသထွက် ပို့ကုန်ပစ္စည်းများကို ပိတ်ပင်မည်ဟု အမေရိကန်အစိုးရက ကြေညာခဲ့ပြီးနောက် ရက်ပိုင်းအကြာတွင် တရုတ်အစိုးရက ရှင်ကျန်းဒေသနှင့်ပတ်သက်၍ ယင်းတို့၏ အငြင်းပွားဖွယ် မူဝါဒများကို ကာကွယ်သွားခဲ့သည်။ တရုတ်အစိုးရမှာ မွတ်စလင်လူနည်းစုများကို ထိန်းသိမ်းထားသည့် ထိန်းသိမ်းရေးစခန်းများကြောင့် ဝေဖန်ခံနေရသည်။ သို့သော် ယခုထုတ်ပြန်ခဲ့သည့် မှတ်တမ်းသစ်တွင် ပညာရေးနှင့် မွမ်းမံသင်ကြားရေးစခန်းများကြောင့် အလုပ်သမားသန်းချီ အကျိုးအမြတ် ရရှိခဲ့သည်ဟု ဖော်ပြထားသည်။
သို့သော် အမေရိကန်အစိုးရက အဆိုပါထိန်းသိမ်းရေးစခန်းများကို ချွေးတပ်စခန်းများနှင့် ခိုင်းနှိုင်းခဲ့ပြီး ထိန်းသိမ်းရေးစခန်းများ ဖွင့်လှစ်မှုတွင် ပါဝင်ခဲ့သည်ဆိုသော တရုတ်အစိုးရအရာရှိများကို အရေးယူပိတ်ဆို့မှုများ ချမှတ်ခဲ့သည်။ ရှင်ကျန်းဒေသတွင် အလုပ်သမားများကို အတင်းအကျပ် ခိုင်းစေပြီး ထုတ်လုပ်ခဲ့သည်ဆိုသော ထုတ်ကုန်ပစ္စည်းအချို့ကို ယခုရက်သတ္တပတ်အစောပိုင်းတွင် အမေရိကန်နိုင်ငံက ပိတ်ပင်ခဲ့သည်။
''ခေတ်သစ်ရဲ့ လိုအပ်ချက်တွေနဲ့ ကိုက်ညီစေဖို့ ရှင်ကျန်းဒေသကို ဗဟုသုတအပေါ် အခြေခံတဲ့၊ ဆန်းသစ်တီထွင် ကျွမ်းကျင်လုပ်သား အင်အားစုဖြစ်လာအောင် တည်ဆောက်ခဲ့တာပါ''ဟု တရုတ်အစိုးရ ၏ အစီရင်ခံစာသစ်တွင် ဖော်ပြထားသည်။ ရှင်ကျန်းဒေသတွင် အလုပ်သမားများကို အတင်းအကျပ် ခိုင်းစေနေသည်ဆိုသော စွပ်စွဲချက်များမှာ အနောက်နိုင်ငံများ၏ လီဆည်မှုများသာ ဖြစ်သည်ဟု တရုတ်နိုင်ငံခြား ရေးဝန်ကြီးဌာန၏ ပြောရေးဆိုခွင့်ရှိသူက တုံ့ပြန်ခဲ့သည်။
Ref:BBC(KNT)