စက်တင်ဘာ ၁၈၊ ဆူခရီ
ဘိုလစ်ဗီးယား ယာယီသမ္မတ အေနက်ဇ်မှာ အောက်တိုဘာလ ၁၈ ရက်တွင် ကျင်းပမည့် သမ္မတ ရွေးကောက်ပွဲမှ နုတ်ထွက်သွားခဲ့သည်။ မဲကွဲမှု မဖြစ်ပွားစေလိုကြောင်း၊ မဲကွဲပါက သမ္မတရာထူးတွင် သမ္မတဟောင်း မိုရာလက်စ်၏ မက်စ်ဆိုရှယ်လစ်ပါတီ တစ်ကျော့ပြန် အာဏာရလာလိမ့်မည်ဟု အေနက်ဇ်က ပြောသည်။ သဘောထားအမြင် ကောက်ခံမှုများအရ မက်စ်ပါတီကိုယ်စားလှယ် လူးဝစ်အာဆီမှာ ထိပ်ဆုံးတွင် ဦးဆောင်နေပြီး အေနက်ဇ်မှာ အဆင့်(၄) နေရာတွင် ရှိနေသည်။
ပြီးခဲ့သည့်နှစ်တွင် သမ္မတ မိုရာလက်စ် ရာထူးမှနုတ်ထွက်ခဲ့ပြီး ရွေးကောက်ပွဲ မဲမသမာမှုလုပ်သည်ဆိုသော စွပ်စွဲချက်များကြောင့် ဘိုလစ်ဗီးယားနိုင်ငံကို စွန့်ခွာသွားခဲ့ပြီးနောက် အေနက်ဇ်က သမ္မတအဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ခြင်းဖြစ်သည်။ သို့သော် ရဲတပ်ဖွဲ့နှင့် စစ်တပ်က ဘိုလစ်ဗီးယားနိုင်ငံကို စွန့်ခွာရန် အတင်းအကျပ် လုပ်ဆောင်ခဲ့ခြင်းဟု နောက်ပိုင်းတွင် မိုရာလက်စ်က ပြောသည်။ မိုရာလက်စ်မှာ လက်ရှိအချိန်တွင် အာဂျင်တီးနားနိုင်ငံ၌ နေထိုင်လျက်ရှိသည်။
မိုရာလက်စ်မှာ ရွေးကောက်ပွဲ ၃ ကြိမ်ဆက်တိုက် အနိုင်ရခဲ့ပြီး ၂၀၀၆ ခုနှစ်မှ ၂၀၁၉ ခုနှစ်အထိ ဘိုလစ်ဗီးယားနိုင်ငံကို ၁၄ နှစ်ကြာ အုပ်ချုပ်ခဲ့သူဖြစ်သည်။ '' ဒီမိုကရေစီအရေးအတွက် ကျွန်မ သမ္မတရွေးကောက်ပွဲဝင်မယ့်ကိစ္စကို စွန့်လွှတ်လိုက်ပါပြီ။ ကိုယ်စားလှယ်တွေကြားမှာ မဲကွဲမယ့် အန္တရာယ်ရှိတယ်။ မဲကွဲရင် မက်စ်ပါတီ အနိုင်ရသွားလိမ့်မယ်။ ကျွန်မတို့ မစည်းလုံးရင် မိုရာလက်စ် ပြန်လာလိမ့်မယ်။ ကျွန်မတို့ မစည်းလုံးရင် ဒီမိုကရေစီကို ဆုံးရှုံးလိမ့်မယ်''ဟု အေနက်ဇ်က ပြောသည်။
Ref:BBC(KNT)