နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အမေရိကန်နိုင်ငံသမိုင်းတစ်လျှောက် တန်ဖိုးအကြီးဆုံး ဘဏ္ဍာရေးထောက်ပံ့မှု စီမံချက်ကို ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုး အတည်ပြု

COVID-19 ကူးစက်ပျံ့နှံ့မှု ရင်ဆိုင်နေရသည့် အမေရိကန်နိုင်ငံတွင် နိုင်ငံသမိုင်းတစ်လျှောက် တန်ဖိုးအကြီးမားဆုံး ဘဏ္ဍာရေးထောက်ပံ့မှုစီမံချက်ကို သမ္မတဒေါ်နယ်ထရမ့်က လက်မှတ်ရေးထိုး အတည်ပြုခဲ့သည်။ အမေရိကန်ဒေါ်လာ ၂ ထရီလျံ(သန်းပေါင်း၂ သန်း) တန်ကြေးရှိသည့် ဘဏ္ဍာရေးထောက်ပံ့မှု စီမံချက်နှင့်ပတ်သက်ပြီး အထက်လွှတ်တော်တွင် ကြိုတင်စီမံချက်များ ဆွေးနွေးပြီးနောက် ၂ ရက်အကြာတွင် အောက်လွှတ်တော်က အတည်ပြုခဲ့ခြင်းဖြစ်သည်။ ဘဏ္ဍာရေးထောက်ပံ့မှုစီမံချက် ဥပဒေကြမ်းကို ရီပတ်ဗလစ်ကန် ပါတီဝင်အမတ်များနှင့် ဒီမိုကရက်တစ်ပါတီဝင် အမတ်များ ရေးဆွဲခဲ့ကြခြင်းဖြစ်သည်။ သို့သော် အိမ်ဖြူတော်တွင် ကျင်းပခဲ့တဲ့ သမိုင်းဝင်ဥပဒေ လက်မှတ်ရေးထိုးအတည်ပြုပွဲ အခမ်းအနားသို့ ဒီမိုကရက်တစ်ပါတီဝင် တစ်ဦးတစ်ယောက်ကိုမျှ ဖိတ်ကြားခဲ့ခြင်းမရှိပေ။ မတူကွဲပြားမှုများကို ဘေးချိတ်ထားပြီး စည်းလုံးညီညွတ်မှုကို ပြသခဲ့ခြင်းကြောင့် ပါတီ ၂ ခုလုံး၏ အမတ်များကို ကျေးဇူးတင်ကြောင်း ဒေါ်နယ်ထရမ့်က ပြောသည်။ သမ္မတ ဒေါ်နယ်ထရမ့် လက်မှတ်ရေးထိုးအတည်ပြုခဲ့သည့် ဘဏ္ဍာရေးထောက်ပံ့မှုစီမံချက်မှာ အမေရိကန် နိုင်ငံသမိုင်းတစ်လျှောက် တန်ဖိုးအများဆုံး ထောက်ပံ့မှုစီမံချက်ထက် ၂ ဆ ပိုများသည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့က အလုပ်လက်မဲ့ခံစားခွင့် လာရောက်လျှောက်ထားသည့် အမေရိကန်နိုင်ငံသား ၃ ဒသမ ၃ သန်းနီးပါးရှိခဲ့ပြီး အမေရိကန်နိုင်ငံသမိုင်းတွင် စံချိန်တင်အလုပ်လက်မဲ့ လူဦးရေပမာဏ ဖြစ်ခဲ့သည်။ အမေရိကန်နိုင်ငံတွင် COVID-19 ကူးစက်ခံရသူ ၁၀၀၀၀၀ ကျော်ရှိနေပြီး ကမ္ဘာပေါ်တွင် COVID-19 ကူးစက်ခံရသူ အများဆုံးနိုင်ငံ ဖြစ်နေပါတယ်။ ဘဏ္ဍာရေးထောက်ပံ့မှုစီမံချက်ကို လက်မှတ်မထိုးမီ ဒေါ်နယ်ထရမ့်က ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှုအက်ဥပဒေ(DPA)ကို အသက်သွင်းခဲ့သည်။ အဆိုပါအက်ဥပဒေအရ အမျိုးသားကာကွယ်ရေးအတွက် လိုအပ်သည့်ပစ္စည်းများကို ပုဂ္ဂလိကကုမ္ပဏီတွေက ထုတ်လုပ်ပေးအောင် သမ္မတက ခိုင်းစေခွင့်ရှိသည်။ ကာကွယ်ရေးဆိုင်ရာ ထုတ်လုပ်မှု အက်ဥပဒေအရ General Motors (GM) ကုမ္ပဏီအနေဖြင့် ပြည်ထောင်စုအစိုးရအတွက် အရမ်းလိုအပ်နေသည့် အသက်ရှူစက်များကို ထုတ်လုပ်ပေးလိမ့်မည်ဟု ဒေါ်နယ်ထရမ့်က ပြောသည်။ General Motors (GM) ကုမ္ပဏီက အသက်ရှူစက် ၄၀၀၀၀ ကို အချိန်တိုအတွင်း ထုတ်လုပ်ပေးမည်ဟု ကတိပြုထားကြောင်း လက်မှတ်ရေးထိုးပွဲမတိုင်ခင်နေ့တွင် ဒေါ်နယ်ထရမ့်က ဆိုခဲ့သည်။ Ref:BBC (KNT)






အခြားဆက်စပ်သတင်းများ