နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပွဲရုံတန်းဖွင့်ထားသော်လည်း ဘုရင့်နောင် ကုန်စည်ဒိုင် ပြန်လည်ဖွင့်မှုအခြေအနေမှာ တိုင်းအစိုးရ ညွှန်ကြားချက်ပေါ် မူတည်

ရန်ကုန် ဧပြီ ၂၄ အခြေခံစားသောက်ကုန်များရောင်းချရန် ဘုရင့်နောင်ပွဲရုံတန်းကို ဖွင့်လှစ်ထားသော်လည်း ဘုရင့်နောင် ကုန်စည်ဒိုင်ကိုမူ Covid 19 ရောဂါ ကူးစက်ပြန့်ပွားမှု အခြေအနေကြောင့် ရန်ကုန်တိုင်းအစိုးရအဖွဲ့၏ ကြေညာချက်နှင့် ဗဟိုကြေညာချက်ပေါ်မူတည်၍ ပြန်လည်ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင်မှသိရသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်သည် ဧပြီ ၂၀ ရက်က ပြန်လည်ဖွင့်လှစ်ရမည်ဖြစ်သော်လည်း ရောဂါပြန့်ပွားမှု အခြေအနေကြောင့် ပြန်လည်ဖွင့်လှစ်ခြင်းမရှိသေးဘဲ ပဲမျိုးစုံ အရောင်းအဝယ် ပြုလုပ်နေသော ကုန်သည်များအနေဖြင့် ကုန်စည်ဒိုင်မှ အသိအမှတ်ပြုထားသော အကျိုးဆောင်များမှတစ်ဆင့် လည်းကောင်း၊ ကုန်သည်အချင်းချင်း ချိတ်ဆက်ဆောင်ရွက်မှုဖြင့်လည်းကောင်း တယ်လီဖုန်း (သို့မဟုတ်) အွန်လိုင်းစနစ်ကို အသုံးပြု၍ အရောင်းအဝယ် ပြုလုပ်နိုင်ကြောင်း သိရသည်။ လက်ရှိ ဘုရင့်နောင်ပွဲရုံတွင် အခြေခံ စားသောက်ကုန်များဖြစ်သည့် ကြက်သွန်၊ အာလူး၊ ငရုတ် စသည်တို့ ဖွင့်လှစ်ထားပြီး ရေထွက်ကုန်ပစ္စည်း ရောင်းချသည့် ငါးပိ၊ ငါးခြောက်များကို မေလ ၄ ရက်မှ ဖွင့်မည်ဟု ကြေညာထားသော်လည်း နယ်မှ မှာယူနေသည့် ပွဲရုံများ၏ မေးမြန်းမှုများကြောင့် ပွဲရုံအချို့အား ပြန်လည်ဖွင့်လှစ်ထားကာ ဧပြီ ၂၇ ရက်တွင် အားလုံးဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။ ဘုရင့်နောင် ကုန်စည်ဒိုင်သည် အခြေခံစားသောက်ကုန်များ၊ ကုန်ခြောက်များကို မြန်မာနိုင်ငံ ဒေသအနှံ့အပြားသို့ ဖြန့်ဖြူးရောင်းချပေးနေသည့် အဓိကကုန်စည်ဒိုင်ကြီး တစ်ခုဖြစ်သည်။ မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ