စက်တင်ဘာ ၁၇
ပရီးမီးယားလိဂ်အသင်းတွေဟာ ပြီးခဲ့တဲ့ရာသီက ရုပ်သံကြေးတွေကို ရှယ်ယာအလိုက် ပြန်ပေးသွင်းရမှာ ဖြစ်ပါတယ်။ သုံးလရပ်နားပြီး ပြန်လည်စတင်ခဲ့တဲ့ ဘောလုံးပွဲတွေအတွက် ပရီးမီးယားလိဂ်က ပေါင် ၃၃၀ သန်း ပြန်သွင်းရမှာဖြစ်ကာ ချန်ပီယံ လီဗာပူးက အမြင့်ဆုံးအဖြစ် ပေါင် ၁၇ ဒသမ ၃ သန်း ပေးသွင်းရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ လီဗာပူးက ရုပ်သံကြေး ပေါင် ၁၆၁ ဒသမ ၁ သန်း အကျိုးအမြတ်ရမှာဖြစ်ပေမယ့် ခုလို ဖြတ်တောက်ခံရတာကြောင့် ၁၄၃ ဒသမ ၈ သန်းပဲရမှာဖြစ်ပါတယ်။ မန်စီးတီးကလည်း သူတို့ရမယ့် ပေါင် ၁၅၆ ဒသမ ၇ သန်းထဲက ၁၆ ဒသမ ၈ သန်း အနုတ်ခံရပြီး ပေါင် ၁၃၉ ဒသမ ၉ သန်းပဲရမှာဖြစ်ပါတယ်။ ထို့အတူပဲ ယူနိုက်တက်၊ ချဲလ်ဆီးကနေ အောက်ဆုံး နော်ဝစ်အထိ ဖြတ်တောက်ခံရမှာဖြစ်ပါတယ်။ ယခင် ရာသီတွေက ရုပ်သံကြေးခွဲဝေပေးရာမှာ ဝင်ငွေအားလုံးရဲ့ ၅၀ ရာခိုင်နှုန်းကို အညီအမျှ ခွဲဝေပေးပြီး ၂၅ ရာခိုင်နှုန်းကို ပိုမိုထုတ်လွှင့်ခွင့်ရရှိတဲ့ကလပ်တွေကိုလည်းကောင်း၊ ကျန် ၂၅ ရာခိုင်နှုန်းကို အဆင့်လိုက်ရပ်တည်မှုအရ လည်းကောင်း ခွဲဝေပေးခဲ့တာဖြစ်ပါတယ်။ ကပ်ဘေးကာလမှာတော့ စွမ်းဆောင်ရည်အကောင်းဆုံးလိဂ် အဆင့်ရပ်တည်မှု အကောင်းဆုံးအသင်းက ပြန်သွင်းငွေအများဆုံးဖြစ်နေပါတယ်။ ထိပ်ဆုံးအသင်းတွေက တန်းဆင်းသွားတဲ့ အောက်ဆုံးအသင်းတွေထက် ဖြတ်တောက်ခံရမှုပိုများခဲ့ကာ လီဗာပူး အပါအဝင် အသင်းကြီး တွေက ၁၀ ဒသမ ၇ ရာခိုင်နှုန်း၊ တန်းဆင်းသွားတဲ့ အသင်းတွေက ၇ ဒသမ ၅ ရာခိုင်နှုန်းလောက်သာ ဖြတ်တောက်ခံရတယ်လို့ EPL က ထုတ်ပြန်လိုက်ကြောင်း သိရပါတယ်။
(SO)