စက်တင်ဘာ ၁၇၊ ဝါရှင်တန်
အပူပိုင်းမုန်တိုင်း ဆယ်လီ(Sally)ကြောင့် အမေရိကန်နိုင်ငံ ပင်လယ်ကွေ့ကမ်းရိုးတန်းတွင် မိုးသက် လေပြင်း ကျရောက်ခဲ့ခြင်းကြောင့် အမေရိကန်နိုင်ငံသား သန်းတစ်ဝက်ကျော် လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု ကြုံတွေ့ခဲ့သည်။ ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် အပူပိုင်းမုန်တိုင်း ဆယ်လီက ပြင်းအားအဆင့်(၂) ဟာရီကိန်းမုန်တိုင်းအဖြစ် ဝင်ရောက်တိုက်ခတ်ခဲ့ပြီးနောက် လေတိုက်နှုန်း ကျဆင်းသွားသော်လည်း ဖလော်ရီဒါနှင့် အလာဘားမားပြည်နယ်များသို့ မုန်တိုင်းတိုက်ခတ်ခဲ့သည်။ ရေကြီးရေလျှံမှုကြောင့် ပျက်စီးမှုများ ဖြစ်ပွားခဲ့သည်။
ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့ညက ကမ်းရိုးတန်းမှ မြောက်အရပ်သို့ မုန်တိုင်း ဦးတည်ချိန်တွင် မုန်တိုင်းသင့်ဒေသမှ ဒေသခံ ၅၅၀၀၀၀ မှာ အမှောင်ထဲတွင် နေထိုင်ခဲ့ရသည်။ ဖလော်ရီဒါပြည်နယ် ပင်ဆာကိုလာမြို့မှာ ဆိုးဆိုးရွားရွား ထိခိုက်ပျက်စီးခဲ့သည်။ ပင်ဆာကိုလာမြို့တွင် ၄ နာရီအတွင်း ရွာသွန်းခဲ့သည့်မိုးရေချိန်မှာ ပုံမှန်အားဖြင့် ၄ လ မိုးရေချိန်နှင့် ညီမျှသည်ဟု ပင်ဆာကိုလာမီးသတ်ဌာန အကြီးအကဲ ခရာနော်က ပြောသည်။
ဆယ်လီမှာ အတ္တလန္တိတ်သမုဒ္ဒရာတွင် ဖြစ်ပေါ်နေသည့် မုန်တိုင်းများအနက် တစ်ခုဖြစ်သည်။ မုန်တိုင်းများကို အမည်တပ်ရာတွင် နှစ်စဉ်အသုံးပြုနေကျဖြစ်သည့် အက္ခရာစာရင်း ကုန်ဆုံးခါနီးဖြစ်နေရာ အရာရှိများအနေဖြင့် ဟာရီကိန်းမုန်တိုင်းများကို အမည်တပ်ရန် အခက်တွေ့နေသည်။
Ref:BBC(KNT)