စက်တင်ဘာ ၁၇၊ အဘူဂျာ
နိုင်ဂျီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ဘုရားကို ပြစ်မှားစော်ကားမှုဖြင့် အသက် ၁၃ နှစ်အရွယ် ကလေးငယ်တစ်ဦးကို ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခဲ့ခြင်းအပေါ် ကုလသမဂ္ဂ ကလေးငယ်အခွင့်အရေးအေဂျင်စီ ယူနီဆက်ဖ်က ရှုတ်ချခဲ့သည်။ အိုမာဖာရွတ်သည် သူငယ်ချင်းတစ်ဦးနှင့် အချင်းများချိန်တွင် အလ္လာကို စော်ကားသည့် အသုံးအနှုန်း သုံးစွဲခဲ့သည်ဟု စွပ်စွဲခံရပြီးနောက် နိုင်ဂျီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း ကာနိုပြည်နယ်ရှိ ရှာရီယာတရားရုံးတွင် စီရင်ချက် ချမှတ်ခံခဲ့ရခြင်းဖြစ်သည်။
သြဂုတ်လ ၁၀ ရက်က အိုမာဖာရွတ်ကို စီရင်ချက်ချမှတ်ခဲ့သည့် တရားရုံးမှာ မကြာသေးမီကလည်း စတူဒီယိုတွင် လက်ထောက်အဖြစ် အလုပ်လုပ်နေသူ ရှာရစ်အမီနူအား ဘုရားကို ပြစ်မှားစော်ကားမှုဖြင့် သေဒဏ်ချမှတ်ခဲ့သည်ဟု ရှေ့နေများက ပြောသည်။
အိုမာဖာရွတ်ကို ယခုကဲ့သို့ ပြစ်ဒဏ်ချမှတ်ခဲ့ခြင်းမှာ ကလေးငယ်အခွင့်အရေးနှင့် ကောင်းကျိုး ချမ်းသာဆိုင်ရာ အာဖရိကကြေညာစာတမ်း၊ နိုင်ဂျီးရီးယားနိုင်ငံ၏ အခြေခံဥပဒေတို့ကို ချိုးဖောက်ရာ ရောက်သည်ဟု အိုမာဖာရွတ်၏ ဥပဒေအကြံပေး အလာပင်နီက ပြောသည်။ အလာပင်နီသည် စက်တင်ဘာလ ၇ ရက်က အိုမာဖာရွတ်ကိုယ်စား အယူခံဝင်ခဲ့သည်။ ယင်းအပါအဝင် အဆိုပါအမှုတွင် ဆောင်ရွက်နေသည့် ရှေ့နေများကို ကာနိုပြည်နယ် အာဏာပိုင်များက အိုမာဖာရွတ်နှင့် တွေ့ခွင့်မပေးခဲ့ကြောင်း အလာပင်နီက ပြောသည်။
အိုမာဖာရွတ် အဖမ်းခံရပြီးနောက် ဒေါသထွက်နေသည့် လူအုပ်ကြီးက ယင်းတို့နေအိမ်သို့ ရောက်လာခဲ့ရာ အိုမာဖာရွတ်၏မိခင်မှာ အခြားမြို့သို့ ပြောင်းပြေးခဲ့ရသည်ဟု ဆိုသည်။ ကာနိုပြည်နယ်မှာ နိုင်ဂျီးရီးယားနိုင်ငံ၏ မွတ်စလင်များ ကြီးစိုးသည့် အခြားပြည်နယ်များနည်းတူ ရှာရီယာဥပဒေနှင့် လူ့ဘောင်ဥပဒေကို ပူးတွဲကျင့်သုံးသည်။
Ref:BBC(KNT)