စက်တင်ဘာ ၁၇၊ လန်ဒန်
ဘတ်စ်ကားစီး ခရီးသည်တစ်ဦးက မြွေကြီးတစ်ကောင်ကို ယင်း၏ဦးခေါင်းတွင် ပတ်ထားကြောင်း တွေ့ခဲ့ပြီးနောက် အများပြည်သူ ပို့ဆောင်ရေးစနစ်တွင် လိုက်ပါသူများအနေဖြင့် မြွေအရှင်များကို နှာခေါင်းစည်းအဖြစ် အသုံးမပြုကြရန် ဗြိတိန်နိုင်ငံ ပို့ဆောင်ရေးဝန်ကြီးဌာန အရာရှိများက သတိပေးခဲ့သည်။ ပြီးခဲ့သည့်တနင်္လာနေ့က ဗြိတိန်နိုင်ငံ၊ မန်ချက်စတာမြို့သို့ ဦးတည်နေသည့် ဘတ်စ်ကားတစ်စီးပေါ်တွင် အမျိုးသားတစ်ဦးက ဧရာမမြွေအရှင်ကြီးတစ်ကောင်ကို ဦးခေါင်းတွင် ပတ်ပြီး နှာခေါင်းနှင့် ပါးစပ် ဖုံးအုပ်ထားကြောင်း တွေ့ခဲ့သည်။
အစောပိုင်းတွင် ယင်းအနေဖြင့် မြွေပုံစံရှိသည့် နှာခေါင်းစည်းဟု ထင်မှတ်ခဲ့သော်လည်း မြွေကြီးက လက်တန်းပေါ် လျှောတိုက်သွားချိန်မှသာ မြွေအရှင်ဖြစ်နေကြောင်း သဘောပေါက်ခဲ့ခြင်းဟု မျက်မြင်သက်သေ အမျိုးသမီးတစ်ဦးက ပြောသည်။ ဗြိတိန်နိုင်ငံတွင် အသက်အရွယ်အရ၊ ကျန်းမာရေးအရနှင့် မသန်စွမ်းဖြစ်ခြင်း စသည့်ခြွင်းချက်များမှလွဲ၍ အများပြည်သူ ပို့ဆောင်ရေးစနစ်အားလုံးတွင် မဖြစ်မနေ နှာခေါင်းစည်းတပ်ဆင်ရမည်ဟု ဥပဒေပြဋ္ဌာန်းထားသည်။
COVID-19 ကပ်ရောဂါကာလအတွင်း အများပြည်သူ ပို့ဆောင်ရေးစနစ်တွင် လိုက်ပါသည့် ခရီးသည်များအနေဖြင့် ခြွင်းချက်အခြေအနေမှလွဲ၍ နှာခေါင်းစည်းတပ်ဆင်ရန် ညွှန်ကြားထားသည့် အစိုးရ၏ လမ်းညွှန်ချက်ကို လိုက်နာကြလိမ့်မည်ဟု မျှော်လင့်ကြောင်း ဂရိတ်မန်ချက်စတာ ပို့ဆောင်ရေးဌာနမှ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ '' ခွဲစိတ်ခန်းသုံး နှာခေါင်းစည်းပဲ တပ်ရမယ်လို့ မဆိုလိုပါဘူး။ သူတို့နဲ့ သင့်တော်တာကို ဝတ်ဆင်လို့ ရပါတယ်။ ဒါပေမဲ့ မြွေအရှင်ကိုတော့ နှာခေါင်းစည်းလို အသုံးပြုလို့မရပါဘူး''ဟု ယင်းက ဆိုသည်။
Ref:BBC(KNT)