နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အရှေ့တောင်အာရှ၏ အကြီးမားဆုံး PUBG MOBILE ဂိမ်းပြိုင်ပွဲကြီးတွင် မြန်မာကစားသမားအသင်းမှ နိုင်ငံကိုယ်စားပြု ပါဝင်ယှဉ်ပြိုင်သွားမည်

ရန်ကုန် ဧပြီ ၂၄ အရှေ့တောင်အာရှဒေသအတွင်းတွင် PUBG MOBILE ၏ အကြီးမားဆုံး နိုင်ငံတကာအဆင့် ပြိုင်ပွဲကြီးတစ်ခုဖြစ်သည့် PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ အရှေ့တောင်အာရှမှ အကောင်းဆုံးကစားသမားအသင်းများနှင့်အတူ မြန်မာနိုင်ငံကိုယ်စားပြု ယှဉ်ပြိုင်ရမည့် မြန်မာလူငယ် PUBG MOBILE ကစားသမားအသင်းအဖြစ် Yangon Galacticos မှ ပါဝင်ယှဉ်ပြိုင်မည်ဖြစ်သည်။ မြန်မာ PUBG MOBILE ကစားသမားအသင်း Yangon Galacticos သည် ၂၀၂၀ ပြည့်နှစ် မတ်လတွင် ရန်ကုန်မြို့၌ ကျင်းပခဲ့သော PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲကြီးတွင် နိုင်ငံတွင်းမှ အသင်းပေါင်း ၁၂၀ နှင့် ယှဉ်ပြိုင်ခဲ့ပြီး First Runner-Up ဆုကို ရရှိခဲ့သည်။ Yangon Galacticos နှင့်အတူ PUBG MOBILE Myanmar Championship 2020 ဖိုင်နယ်ပြိုင်ပွဲမှ အခြားထိပ်ဆုံးရရှိသော အသင်း ၃ သင်းဖြစ်သော My GALAXY, DEUS Esport နှင့် Team SCOTT တို့သည် PMCO SEA Wildcard Final အဆင့်သို့ တိုက်ရိုက်ဝင်ရောက်ခွင့် ရရှိခဲ့ကြောင်းသိရသည်။ PMCO SEA Wildcard Final အဆင့်သည် ကိုယ်ပိုင် League မရှိသေးသည့် အရှေ့တောင်အာရှနိုင်ငံများမှ အသင်းများ Online တွင် အချင်းချင်းယှဉ်ပြိုင်ရသော ပြိုင်ပွဲဖြစ်သည်။ မြန်မာအသင်း ၄ သင်းနှင့် လာအို၊ စင်ကာပူ၊ ဘရူနိုင်း၊ ဖိလစ်ပိုင်၊ ကမ္ဘောဒီးယားနှင့် အရှေ့တီမောနိုင်ငံများမှ Online ပြိုင်ပွဲများတွင် အနိုင်ရရှိသော အသင်း ၁၂ သင်း၊ စုစုပေါင်း အသင်း ၁၆ သင်းတို့သည် ၂၀၂၀ ပြည့်နှစ် ဧပြီလဆန်းတွင် PMCO SEA Wildcard Final အဆင့်အတွက် အွန်လိုင်းမှ တစ်ဆင့် ယှဉ်ပြိုင်ခဲ့ကြသည်။ အကောင်းဆုံး မြန်မာအသင်း ၄ သင်းဖြစ်သော Yangon Galacticos, My GALAXY, DEUS Esport နှင့် Team SCOTT တို့သည် PMCO SEA Wildcard Finals အဆင့်တွင် ဖိလစ်ပိုင်၊ ကမ္ဘောဒီးယား၊ အရှေ့တီမော အသင်းများနှင့် အကောင်းဆုံး အင်အားပြည့် ယှဉ်ပြိုင်ကစားခဲ့ကြသည်။ PMCO SEA Wildcard Final အဆင့်တွင် ထိပ်ဆုံးရပ်တည်နိုင်သော အသင်း ၃ သင်းကသာ ကိုယ်ပိုင် League ရှိသောနိုင်ငံများဖြစ်သည့် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှားနှင့် ဗီယက်နမ်နိုင်ငံမှ အသင်းများနှင့်အတူ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသို့ တက်လှမ်း ယှဉ်ပြိုင်နိုင်မည်ဖြစ်သည်။ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးသည် PUBG MOBILE ၏ အရှေ့တောင်အာရှဒေသအတွင်း အကြီးမားဆုံး ပြိုင်ပွဲကြီးဖြစ်သည့်အပြင် စုစုပေါင်း အမေရိကန်ဒေါ်လာ ၁၅၀,ဝ၀ဝ တန်ဖိုးရှိသည့် ဆုကြေး ငွေများလည်း ပေးအပ် ချီးမြှင့်သွားမည်ဖြစ်သည်။ အဆိုပါ PMCO SEA Wildcard Finals အဆင့်ပြိုင်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော မြန်မာနိုင်ငံမှ ထိပ်သီး အသင်း ၄ သင်းထဲမှ Yangon Galacticos အဖွဲ့သည် နံပါတ် ၃ နေရာ ရရှိခဲ့ပြီး အဆင့်(၁) အဖြစ် ဖိလစ်ပိုင်နိုင်ငံမှ Blacklist International အဖွဲ့မှလည်းကောင်း၊ အဆင့် (၂) အဖြစ် ကမ္ဘောဒီးယားမှ Orange CG အဖွဲ့တို့မှ လည်းကောင်း အသီးသီး ရလဒ်များ ရရှိခဲ့ကြသည်။ အဆိုပါအဖွဲ့သုံးဖွဲ့သည် PMPL (PUBG MOBILE Pro League) SEA Finals အဆင့်တွင် အရှေ့တောင်အာရှ၏ အကောင်းဆုံး အသင်းများနှင့် ယှဉ်ပြိုင်ကစားသွားရတော့မည်ဖြစ်ပြီး Yangon Galacticos အသင်းသည် မြန်မာနိုင်ငံကိုယ်စားပြု အသင်းအဖြစ် ဂုဏ်ယူဖွယ်ဝင်ရောက်ယှဉ်ပြိုင်ရန် အခွင့်အရေး ရရှိခဲ့ပြီဖြစ်သည်။ အဆိုပါ PMPL (PUBG MOBILE Pro League) SEA Finals ပြိုင်ပွဲကြီးကို ယခင်က Offline ပြိုင်ပွဲကျင်းပရန် စီစဉ်ထားသော်လည်း ကမ္ဘာတစ်ဝန်း ဖြစ်ပွားနေသည့် COVID-19 အခြေအနေကြောင့် PUBG MOBILE ကစားသမားများနှင့် ပရိသတ်များ၏ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် Online သီးသန့်ပြိုင်ပွဲအဖြစ်သာ ပြောင်းလဲကျင်းပသွားမည်ဖြစ်သည်။ PMPL SEA Finals Season 1 ကို လာမည့် မေလ ၁ ရက်ကနေ ၃ ရက်အထိ ကျင်းပသွားမည်ဖြစ်ပြီး မြန်မာအသင်းဖြစ်သည့် Yangon Galacticos လည်း ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။ အဆိုပါ ပြိုင်ပွဲယှဉ်ပြိုင်မှုများကို PUBG MOBILE (MM) Facebook Page http://www.fb.com/PUBGMOBILE.MM.OFFICIAL မှတစ်ဆင့် တိုက်ရိုက်ထုတ်လွှင့်ပြသသွားမည်ဖြစ်ကြောင်း သိရသည်။ အောင်မြင့်ဌေး(မြို့တော်သတင်း)






အခြားဆက်စပ်သတင်းများ