စက်တင်ဘာ ၁၆၊ တိုကျို
လေယာဉ်ပေါ်တွင် နှာခေါင်းစည်းတပ်ဆင်ရန် ငြင်းဆန်ခဲ့ပြီးနောက် ယခုလအတွင်း ဂျပန်လေကြောင်း လိုင်းများပေါ်တွင် လိုက်ပါခဲ့သည့် ခရီးသည်နှစ်ဦးကို လေယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့ကြောင်း CNN သတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်စနေနေ့က ဟာကိုဒါတေးမြို့မှ အိုကူရှီရီကျွန်းသို့ ပျံသန်းသည့် Hokkaido Air System Company ၏ လေကြောင်းခရီးစဉ်တွင် နှာခေါင်းစည်းတပ်ဆင်ရန် ငြင်းဆန်သည့် အမျိုးသားတစ်ဦးကို လေယာဉ်မှူးက လေယာဉ်ပေါ်မှ ဆင်းခိုင်းခဲ့သည်ဟု လေကြောင်းလိုင်း၏ လူထုဆက်ဆံရေးအရာရှိ မတ်ဆုဟီရိုအိုတာက ပြောသည်။ အဆိုပါဖြစ်ရပ်ကြောင့် လေကြောင်းခရီးစဉ်မှာ နာရီဝက်ကြန့်ကြာခဲ့သည်။ ယင်းအနေဖြင့် နှာခေါင်းစည်းတပ်ပါက အဖု၊ အပိန့်များ ဖြစ်လာလေ့ရှိသည်ဟု အဆိုပါခရီးသည်က ပြောသည်။
စက်တင်ဘာလ ၇ ရက်ကလည်း ဂျပန်နိုင်ငံမြောက်ပိုင်း ကူရှီရိုမြို့မှ အိုဆာကာမြို့သို့ ပျံသန်းသည့် Peach Aviation လေကြောင်းလိုင်းမှ လေကြောင်းခရီးစဉ်တွင် လေယာဉ်မယ်များက နှာခေါင်းစည်းတပ်ဆင်ရန် ထပ်ဖန်တလဲလဲ မေတ္တာရပ်ခံခဲ့သော်လည်း နှာခေါင်းစည်းတပ်ရန် ငြင်းဆန်ခဲ့သည့် ခရီးသည်တစ်ဦးကြောင့် လေယာဉ်ကို မရည်ရွယ်ဘဲ ဆင်းသက်ခဲ့ရသည်။ ခရီးသည်၏ စည်းကမ်းမလိုက်နာသည့် အပြုအမူ ကြောင့် လေယာဉ်ကို ရုတ်တရက် ဆင်းသက်ခဲ့ရခြင်းဖြစ်ရာ အဆိုပါခရီးသည်ကို ဥပဒေအရ အရေးယူနိုင် သည်ဆိုသည့်အချက်ကို လေကြောင်းလိုင်းက ငြင်းဆန်ခဲ့ခြင်းမရှိပေ။ အဆိုပါဖြစ်ရပ်ကြောင့် အိုဆာကာမြို့သို့ ပျံသန်းသည့် လေကြောင်းခရီးစဉ်မှာ ၂ နာရီ၊ ၁၅ မိနစ် နှောင့်နှေးခဲ့သည်။
Ref:BBC(KNT)