စက်တင်ဘာ ၁၆၊ ဘာလင်
အဆိပ်မိခဲ့ခြင်းကြောင့် ဂျာမနီနိုင်ငံတွင် ကုသမှုခံယူနေရသည့် ရုရှားအတိုက်အခံခေါင်းဆောင် နာဗယ်နီမှာ ရုရှားနိုင်ငံသို့ ပြန်တော့မည်ဖြစ်ကြောင်း ယင်း၏ပြောရေးဆိုခွင့်ရှိသူက ပြောသည်။ နာဗယ်နီသည် သြဂုတ်လ ၂၀ ရက်က ဆိုက်ဘေးရီးယားမှ မော်စကိုမြို့သို့ ပြန်လာသည့် လေကြောင်းခရီးစဉ်တွင် အဆိပ်မိပြီး လဲကျခဲ့သည်။ ယင်းကို ဂျာမနီနိုင်ငံ ဘာလင်မြို့ရှိ ချာရိုက်ဆေးရုံသို့ လွှဲပြောင်းပို့ဆောင်ခဲ့သည်။ စမ်းသပ်မှုများအရ နာဗယ်နီမှာ နိုဗစ်ချော့ဓာတုဆေးရည်ဖြင့် အဆိပ်ခတ်ခံခဲ့ရကြောင်း တွေ့ရှိခဲ့သည်။
နာဗယ်နီသည် အဆိပ်မိခဲ့ပြီးနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် အင်စတာဂရမ်ပေါ်တွင် ဓာတ်ပုံတင်ခဲ့ပြီး ယင်းအနေဖြင့် အသက်ရှူစက်မလိုဘဲ အသက်ရှူနိုင်ပြီဟု ကြေညာခဲ့သည်။ '' ရုရှားနိုင်ငံကို နာဗယ်နီ ပြန်မယ်ဆိုတာ အမှန်ပါပဲ။ တခြားသူတွေက ရုရှားနိုင်ငံကို နာဗယ်နီ ပြန်လာတော့မှာမဟုတ်ဘူးလို့ ထင်နေကြတာ ဘာကြောင့်မှန်း မပြောတတ်ပါဘူး''ဟု နာဗယ်နီ၏ ပြောရေးဆိုခွင့်ရှိသူ ယာမက်ရှ်က တွစ်တာပေါ်တွင် ရေးသားဖော်ပြခဲ့သည်။
ရုရှားသမ္မတ ပူတင်က နာဗယ်နီကို အဆိပ်ခတ်ရန် ညွှန်ကြားခဲ့သည်ဟု နာဗယ်နီ၏အဖွဲ့က စွပ်စွဲခဲ့သော်လည်း ကရင်မလင်နန်းတော်က အဆိုပါကိစ္စတွင် ပါဝင်ပတ်သက်မှုမရှိကြောင်း ငြင်းဆန်ခဲ့သည်။ အတိုက်အခံခေါင်းဆောင် နာဗယ်နီ ပြန်လည်သက်သာလာပြီးနောက် ပူတင်နှင့် တွေ့ဆုံဖွယ် ရှိသည်ဆိုသော ဖော်ပြချက်များကို ကရင်မလင်နန်းတော်၏ ပြောရေးဆိုခွင့်ရှိသူက ငြင်းဆန်ခဲ့သည်။
Ref:BBC(KNT)