ရန်ကုန် ဧပြီ ၂၄ ဆန်စပါးကုန်စည်ဒိုင်များကို ၂၀၂၀ ပြည့်နှစ် ဧပြီလ ၂၇ ရက်(တနင်္လာနေ့)မှစတင်၍ ပြန်လည်ဖွင့်လှစ်ပေး သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၏ ဧပြီ ၂၃ ရက် ထုတ်ပြန်သတင်းများအရ သိရသည်။ လက်ရှိ ဖြစ်ပေါ်ခံစားနေရသော ကိုရိုနာဗိုင်းရပ်ရောဂါဖြစ်စဉ်ဖြစ်ရပ်များကြောင့် မြန်မာနိုင်ငံဆန်စပါး ကုန်သည်များအသင်း၊ ဆန်စပါးကုန်စည်ဒိုင်များကို ၂၀၂၀ ပြည့်နှစ်၊ ဧပြီ ၉ ရက်မှစ၍ ဧပြီ ၂၀ ရက်အထိ မြန်မာ့နှစ်သစ်ကူးသင်္ကြန်ကာလ ကုန်စည်ဒိုင်ပိတ်ရက်များအဖြစ် ပိတ်ထားခဲ့ရာမှ မြန်မာနိုင်ငံအတွင်းတွင် ဆင့်ပွားဖြစ်ပေါ်နေသော COVID-19 ခေါ် ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် ဆန်စပါးကုန်စည်ဒိုင်များကို ထပ်မံ၍ ရက်ထပ်တိုးကာပိတ်ခဲ့သည်။ ဆန်စပါးသည်မြန်မာနိုင်ငံ၏စားနပ်ရိက္ခာတွင် အဓိကအခန်းကဏ္ဍ၌ရှိနေသည့် ကုန်စည်ဖြစ်နေသည့် အပြင် ဧပြီလကုန် မေလအတွင်းကာလများသည် စိုက်ပျိုးသူ တောင်သူလယ်သမားများ နွေစပါးရိတ်သိမ်း သည့်အချိန်ကာလလည်းဖြစ်နေသဖြင့် နွေစပါးဈေးနှုန်းများကျဆင်း၍ တောင်သူလယ်သမားများ နစ်နာမှု မရှိစေရေးကိုလည်း ထည့်သွင်းစဉ်းစားရမည်ဖြစ်သည်။ ထို့အပြင်ဈေးကွက်အတွင်း (စားနပ်ရိက္ခာ) ဆန်များ ပြတ်လပ်မှုမရှိစေရန်လည်း အရေးကြီးသည့်ကာလ ဖြစ်နေသည်။ ထို့ကြောင့် ဆန်စပါးကုန်စည်ဒိုင်များကို ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၇ ရက်(တနင်္လာနေ့)မှစ၍ ပြန်လည်ဖွင့်လှစ်မည်ဖြစ်ကြောင်း အသင်းသူအသင်းသားများ သိရှိနိုင်စေရန် အသိပေးထုတ်ပြန်ပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းအနေနှင့် အဆိုပါ ဆန်စပါးကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ် နိုင်ရေးအတွက် COVID -19 ကိုရိုနာဗိုင်းရပ်စ်ရောဂါပိုး ကြိုတင်ကာကွယ်ရေးအစီအစဉ်များကိုလည်း ကြိုတင် စီစဉ်ဆောင်ရွက်ထားပြီးဖြစ်သည်။ ကိုရိုနာဗိုင်းရပ် ရောဂါကြိုတင်ကာကွယ်ရေးအစီအစဉ်များအနေဖြင့် ဆန်စပါးကုန်စည်ဒိုင်များအတွင်း ပိုးသတ်ဆေးဖျန်းခြင်း၊ ဆန်စပါးကုန်စည်ဒိုင်အတွင်း ရောင်းသူဝယ်သူ အချင်းချင်း တစ်ဦးနှင့်တစ်ဦး နီးကပ်စွာမရှိစေရန် အကွာအဝေးများကို ကျန်းမာရေးဦးစီးဌာန၏ အကြံဉာဏ်များ ရယူကာ ဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထိုသို့ ဆန်စပါးကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ်နိုင်ရေးအတွက် ကုန်စည်ဒိုင်များရှိနေသည့် လမ်းမတော် မြို့နယ် ကျန်းမာရေးဦးစီးဌာနနှင့် မြို့နယ်စည်ပင်သာယာရေးကော်မတီမှ တာဝန်ရှိသူများ၊ လွှတ်တော် ကိုယ်စားလှယ်များ၏ လာရောက်စစ်ဆေးမှုကိုလည်း ခံယူဆောင်ရွက်ထားရှိပြီးဖြစ်သည်။ ထို့ကြောင့် ဆန်စပါးကုန်စည်ဒိုင်များ ပြန်လည်ဖွင့်လှစ်ပေးရာတွင် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်း၊ ဆန်စပါး ကုန်စည်ဒိုင်များမှ အသင်းသား/အသင်းသူများအနေဖြင့် သတ်မှတ်စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက် ကြရန်အတွက်လည်း အဆိုပါ ထုတ်ပြန်ကြေညာချက်တွင် ဖော်ပြပါရှိကြောင်း သိရသည်။ ဆန်စပါးကုန်စည်ဒိုင်များကို ပြန်လည်ဖွင့်လှစ်ဆောင်ရွက်ပေးရာတွင် ကုန်စည်ဒိုင်အတွင်း ဆန်အရောင်း အဝယ်ပြုလုပ်ချိန်ကို နေ့စဉ် နံနက် ၇ နာရီမှ နံနက် ၉ နာရီခွဲအတွင်းသာ ရောင်းဝယ်ကြရမည်ဖြစ်ပြီး ကုန်စည်ဒိုင် အတွင်းသို့ လာရောက်၍ အရောင်းအဝယ်ပြုလုပ်သူများအနေဖြင့် နှာခေါင်းစည်း(Mask) များ အမြဲတပ်ဆင်ထား ကြရမည်ဖြစ်သည်။ ကုန်စည်ဒိုင်အတွင်း အရောင်းအဝယ်ပြုလုပ်သူများအနေနှင့် မိမိတို့၏ ကိုယ်ပိုင် မော်တော်ယာဉ်များကို သတ်မှတ်ထားသောနေရာတွင်ရပ်နားထားပြီး ရောင်းသူများအနေဖြင့် ဆန်နမူနာထုပ် များကိုသာ ယူဆောင်လာကြရမည်ဖြစ်သည်။ ကုန်စည်ဒိုင်အတွင်း ဆန်နမူနာကြည့်ရှုသူနှင့်ပြသသူများ အားလုံးသည် လက်အိတ်များစွပ်၍သာ အရောင်း အဝယ်ပြုလုပ်ဆောင်ရွက်ကြရမည်ဖြစ်ပြီး တစ်ဦးနှင့်တစ်ဦး သတ်မှတ်ထားသော အကွာအဝေးတွင်သာနေ၍ အရောင်းအဝယ်ပြုလုပ်ကြရမည်ဖြစ်ပြီး ကျန်းမာရေးနှင့် အားကစားဝန်ကြီးဋ္ဌာနမှ သတ်မှတ်ထားသော စည်းကမ်းများအတိုင်း လိုက်နာဆောင်ရွက်၍သာ အရောင်းအဝယ်ပြုလုပ်ကြရမည်ဖြစ်ကြောင်း သိရသည်။ (ကိုသစ္စာလှိုင်)