စက်တင်ဘာ ၁၆
PGA Tour က ရွေးချယ်ချီးမြှင့်ပေးသည့် PGA Tour Player Of The Year 2020 Award ကို ကမ္ဘာ့အဆင့်(၁) ဂေါက်သီးရိုက်ကစားသမား ဒက်စတင်းဂျွန်ဆင်က ရရှိခဲ့ကြောင်း သိရသည်။
ဒက်စတင်းဂျွန်ဆင်သည် ပြီးခဲ့သည့်ဩဂုတ်လက ကျင်းပခဲ့သော PGA Tour ပြိုင်ပွဲများတွင် ချန်ပီယံဆု ဆွတ်ခူးနိုင်ခဲ့ပြီးနောက် မက်အီလ်ရွိုင်းထံမှ ကမ္ဘာ့အဆင့်(၁)နေရာကို လွှဲပြောင်းရယူနိုင်ခဲ့ခြင်းဖြစ်သည်။
ယင်းအနေဖြင့် PGA Tour Player Of The Year Award ကို ကစားသမားဘဝသက်တမ်းတစ်လျှောက် နှစ်ကြိမ်တိတိရရှိခဲ့သည့် ကစားသမားအဖြစ်လည်း မှတ်တမ်းဝင်ခဲ့သည်။
“PGA Tour က နှစ်စဉ်ရွေးချယ်ချီးမြှင့်ပေးနေတဲ့ PGA Tour ရဲ့ တစ်နှစ်တာအကောင်းဆုံး ဂေါက်သီးရိုက် ကစားသမားဆုကို ဒက်စတင်းဂျွန်ဆင်ကရရှိခဲ့ပါတယ်။ PGA Tour အဖွဲ့ဝင်တွေအားလုံးက မဲပေးရွေးချယ်ခဲ့ တာဖြစ်ပြီး ဒီဆုအတွက် ရွေးချယ်ခံခဲ့ရတဲ့သူအတွက် ဂုဏ်ယူမိပါတယ်။ သူဟာ ဒီနှစ်အတွင်းကျင်းပခဲ့တဲ့ပြိုင်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်ရင်း ချန်ပီယံဆုဖလားသုံးလုံးရရှိခဲ့သလို ပြိုင်ပွဲနှစ်ရပ်မှာလည်း ဒုတိယနေရာ ရခဲ့ပါတယ်။ တစ်နှစ်တာအတွင်းရရှိခဲ့တဲ့ အောင်မြင်မှုတွေအရ မဲပေးခဲ့တာဖြစ်ပါတယ်”ဟု PGA Tour မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။
ထို့အပြင် အမေရိကန်ဂေါက်သီးရိုက်ကစားသမား စကော့တီက PGA Tour Rookie Of The Year ဆုကိုရရှိခဲ့ကြောင်း သိရသည်။
(သူရိန်)