စက်တင်ဘာ ၁၆
ပြင်သစ်လက်ရွေးစင်နဲ့ PSG တိုက်စစ်မှူး အမ်ဘာပေဟာ ယခုနှစ်ရာသီအကုန်မှာ အသင်းက ထွက်ခွာ ချင်တယ်လို့ အသင်းကို ပြောဆိုထားကြောင်း ယခုရက်ပိုင်းသတင်းတွေဖော်ပြလာတာကို တွေ့ရပါတယ်။ စပိန်လာလီဂါချန်ပီယံဖြစ်တဲ့ ရီးရဲလ်နည်းပြ ဇီဒန်းကလည်း တစ်နိုင်ငံတည်းသားဖြစ်တဲ့ အမ်ဘာပေကို ၂၀၂၁ နွေရာသီမှာ ခေါ်ယူနိုင်ဖို့ စောင့်ကြည့်နေပြီလို့ သတင်းတွေမှာ ဖော်ပြလာတာကိုလည်း တွေ့ရပါတယ်။ ရီးရဲလ်ဟာ PSG တိုက်စစ်မှူးကို ခေါ်ယူဖို့ စိတ်ဝင်စားကြောင်း လျို့ဝှက်ထားခြင်းမရှိဘဲ ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ဒါကြောင့် ရီးရဲလ်ဟာ အခုရာသီကုန်မှာ အမ်ဘာပေကို ကမ်းလှမ်းမှုတွေပြုလုပ်ပြီး ခေါ်ယူနိုင်ဖို့ ပစ်မှတ်ထား နေပြီလို့ စပိန်သတင်းတွေမှာ ဖော်ပြလာပါတယ်။ မာကာသတင်းစာကလည်း သူတို့ရဲ့မျက်နှာဖုံးမှာ ရီးရဲလ် အသင်း PSG တိုက်စစ်မှူးကို ၂၀၂၁ မှာခေါ်ယူနိုင်ဖို့ စောင့်ဆိုင်းနေကြောင်းဖော်ပြခဲ့ပါတယ်။ မနေ့က ထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ ကမ္ဘာ့ဖလား ချန်ပီယံပြင်သစ်ကစားသမား အမ်ဘာပေဟာ လီဗာပူးနဲ့ မန်ချက်စတာယူနိုက်တက်အသင်းတွေထဲက တစ်သင်းသင်းကို ပြောင်းရွှေ့ချင်တယ်လို့ သတင်းတွေမှာ ဖော်ပြ လာကြပါသေးတယ်။ အသက် ၂၁ နှစ်အရွယ်သာရှိသေးတဲ့ အမ်ဘာပေဟာ ၂၀၁၈ ခုနှစ်က မိုနာကိုအသင်းကနေ PSG အသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး စာချုပ်သက်တမ်းက ၂၀၂၂ နွေရာသီမှာ ကုန်ဆုံးမှာဖြစ်ပါတယ်။
(SO)