နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
အာဏာရပါတီခေါင်းဆောင်သစ် ဖြစ်လာသည့် ယိုရှီဟီဒေးဆုဂ ဂျပန်ဝန်ကြီးချုပ်ဖြစ်လာရန် သေချာလုနီးပါး ဖြစ်နေ

စက်တင်ဘာ ၁၅၊ တိုကျို


ဂျပန်နိုင်ငံ၏ အာဏာရပါတီက ပါတီခေါင်းဆောင် ရှင်ဇိုအာဘေး၏နေရာတွင် အစားထိုးရန် ရွေးချယ် ခဲ့ခြင်းကြောင့် ယိုရှီဟီဒေးဆုဂအနေဖြင့် ဂျပန်ဝန်ကြီးချုပ်ဖြစ်လာရန် သေချာလုနီးပါး ဖြစ်နေ သည်ဟု ဘီဘီစီသတင်းဌာနက ဖော်ပြသည်။ ပြီးခဲ့သည့်လတွင် ဂျပန်ဝန်ကြီးချုပ် ရှင်ဇိုအာဘေးက ကျန်းမာရေးပြဿနာကြောင့် ရာထူးမှ နုတ်ထွက်တော့မည်ဟု ကြေညာခဲ့သည်။


အသက် ၇၁ နှစ်ရှိသည့် ယိုရှီဟီဒေးဆုဂမှာ လက်ရှိအစိုးရလက်ထက်တွင် အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ်အဖြစ် တာဝန်ထမ်းဆောင်နေသူဖြစ်သည်။ ရှင်ဇိုအာဘေး၏ အဓိကယုံကြည် စိတ်ချရသူတစ်ဦးဖြစ်သည့် ယိုရှီဟီဒေးဆုဂမှာ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ချိန်တွင် ရှင်ဇိုအာဘေး၏ မူဝါဒများကိုသာ ဆက်လက်ကျင့်သုံးသွားဖွယ် ရှိနေသည်။


ကွန်ဆာဗေးတစ်အမြင်ရှိသည့် လစ်ဘရယ်ဒီမိုကရက်တစ်ပါတီ(LDP)၏ ခေါင်းဆောင်ရာထူးအတွက် လွှတ်တော်အမတ်များနှင့် ဒေသဆိုင်ရာ ကိုယ်စားလှယ်များ မဲခွဲဆုံးဖြတ်ရာတွင် ယိုရှီဟီဒေးဆုဂက မဲပေးမှု ၅၃၄ မဲအနက် ၃၇၇ မဲ ရရှိခဲ့ပြီး အပြတ် အသတ် အနိုင်ရခဲ့ခြင်းဖြစ်သည်။


လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက  ခေါင်းဆောင်သစ် ရွေးချယ်ခဲ့ပြီးပြီဖြစ်ရာ လာမည့်ဗုဒ္ဓဟူးနေ့တွင် လွှတ်တော်၌ မဲခွဲဆုံးဖြတ်မှု ပြုလုပ်မည်ဖြစ်ပြီး လစ်ဘရယ်ဒီမိုကရက်တစ်ပါတီက လွှတ်တော်တွင် အမတ်နေရာ အများစု ရရှိထားခြင်းကြောင့် ယိုရှီဟီဒေးဆုဂအနေဖြင့် ဝန်ကြီးချုပ်ဖြစ်လာရန် သေချာလုနီးပါး ဖြစ်နေသည်။ ယိုရှီဟီဒေးဆုဂအနေဖြင့် ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် ကျင်းပမည့် ရွေးကောက်ပွဲများမတိုင်မီအထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ရဖွယ်ရှိသည်ဟု ခန့်မှန်းထားကြသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ