စက်တင်ဘာ ၁၅၊ အဆန်စီယွန်
ဒုတိယသမ္မတဟောင်း အော်စကာဒင်းနစ်ကို ပြန်လွှတ်ပေးရန် တောင်းဆိုသည့်အနေဖြင့် ပြီးခဲ့သည့်တနင်္ဂနွေနေ့က ယာဉ်တန်းဖြင့် စုဝေးချီတက်မှုတွင် ယာဉ်အစီးရေ ရာချီ ပါဝင်ခဲ့သည်။ အသက် ၇၄ နှစ်ရှိသည့် အော်စကာဒင်းနစ်နှင့် ယင်း၏ဝန်ထမ်းတစ်ဦးကို ပြီးခဲ့သည့်ဗုဒ္ဓဟူးနေ့တွင် မာ့စ်ဝါဒကျင့်သုံးသည့် ပါရာဂွေးပြည်သူ့တပ်ဖွဲ့(EPP)က ပြန်ပေးဆွဲခဲ့ခြင်းဖြစ်သည်။ အော်စကာဒင်းနစ်ကို လွှတ်ပေးစေလိုပါက ထောင်ဒဏ်ချမှတ်ခံထားရသည့် ယင်းတို့အဖွဲ့၏ခေါင်းဆောင် နှစ်ဦးကို ပါရာဂွေးအစိုးရက လွှတ်ပေး ရမည်ဟု EPP လက်နက်ကိုင်အဖွဲ့က တောင်းဆိုထားသည်။
သို့သော် ခေါင်းဆောင်နှစ်ဦးကို လွှတ်ပေးရန် လက်နက်ကိုင်များ နောက်ဆုံးသတ်မှတ်ပေးထားသည့် အချိန်မှာ ကျော်လွန်သွားပြီဖြစ်သည်။ EPP လက်နက်ကိုင်အဖွဲ့၏ ခေါင်းဆောင်များဖြစ်သည့် ဗီလယ်ဘာနှင့် အိုဗီဒိုတို့မှာ ၂၀၀၄ ခုနှစ်က မအောင်မြင်ခဲ့သည့် ထောင်ဖောက်မှုတွင် ရဲအရာရှိသုံးဦးကို သတ်ရန် ကြိုးပမ်းခဲ့ခြင်းဟု ယခုနှစ်အစောပိုင်းက ထောင်ဒဏ် ချမှတ်ခံခဲ့ရသည်။
ယင်းတို့နှစ်ဦးမှာ ယခင်ကတည်းက ပြန်ပေးဆွဲမှုအတွက် ထောင်ဒဏ် နှစ်ရှည်ကျခံနေရသူများဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်များအတွင်း ဖွဲ့စည်းခဲ့သည့် မာ့စ်ဝါဒလက်နက်ကိုင်အဖွဲ့မှာ ပါရာဂွေးနိုင်ငံအတွင်း ပြန်ပေးဆွဲမှုများ၊ လူသတ်မှုများ လုပ်နေသည့် အဖွဲ့တစ်ဖွဲ့ဖြစ်သည်။ ယင်းတို့၏အဓိကဝင်ငွေရင်းမြစ်မှာ ဆေးခြောက်မှောင်ခိုကူးမှုနှင့် ပြန်ပေးဆွဲ ငွေညှစ်ခြင်း ဖြစ်သည်။
အော်စကာဒင်းနစ်ကို ပြန်လွှတ်ပေးစေလိုပါက ယင်းတို့၏ခေါင်းဆောင်နှစ်ဦးကို ပြန်လွှတ်ပေးရမည့်အပြင် ယင်းတို့လှုပ်ရှားနေသည့် ဒေသအတွင်းရှိ နယ်ပယ် ၄၀ တွင် အမေရိကန်ဒေါ်လာ ၂ သန်း တန်ကြေးရှိသည့် စားနပ်ရိက္ခာများ ဝေမျှပေးရမည်ဟု EPP လက်နက်ကိုင်အဖွဲ့က အော်စကာဒင်းနစ်၏မိသားစုကို တောင်းဆိုထားသည်။
Ref:BBC(KNT)