စက်တင်ဘာ ၁၅၊ လန်ဒန်
ဗြိတိန်နိုင်ငံတွင် အရှိန်လွန်မောင်းခြင်း၊ ပြိုင်မောင်းခြင်း၊ ကားမောင်းနေစဉ် ဖုန်းအသုံးပြုခြင်း စသည့်ဖြစ်ရပ်များကြောင့် ယာဉ်မတော်တဆမှုဖြစ်ပြီး တခြားသူများ အသက်ဆုံးရှုံးရမည်ဆိုပါက အဆိုပါယာဉ်မောင်းကို သေဒဏ်ချမှတ်နိုင်မည့် ဥပဒေသစ်တစ်ရပ် ပြင်ဆင်ရေးဆွဲလျက်ရှိသည်။ အဆိုပါဥပဒေကြမ်းတွင် အရက်သေစာနှင့် မူးယစ်ဆေးဝါးသုံးစွဲပြီး အဆင်ခြင်မဲ့ ကားမောင်းခြင်းကြောင့် လူသေဆုံးစေသည့် ယာဉ်မတော်တဆမှုဖြစ်ပါကလည်း အဆိုပါယာဉ်မောင်းကို ထောင်ဒဏ်တစ်သက် တစ်ကျွန်း ချမှတ်နိုင်မည်ဖြစ်သည်။
လက်ရှိကျင့်သုံးနေသည့်ဥပဒေအရ အထက်ပါဖော်ပြထားသည့် ပြစ်မှုတစ်ခုစီအတွက် အမြင့်ဆုံး ထောင်ဒဏ် ၁၄ နှစ်အထိသာ ချမှတ်နိုင်သည်။ ယခုလအတွင်း ယာဉ်စည်းကမ်းဥပဒေ ပြောင်းလဲပြင်ဆင်ရန် အဆိုပြုချက်များ ထုတ်ပြန်ကြေညာခဲ့ရာ လာမည့်နှစ်အစောပိုင်းတွင် လွှတ်တော်ကို အဆိုပြုတင်သွင်းမည်ဖြစ်သည်။ အဆင်ခြင်မဲ့မောင်းနှင်မှုကြောင့် ဒဏ်ရာပြင်းပြင်းထန်ထန်ရစေသည့် ဖြစ်ရပ်ကိုလည်း အပြစ်ပေးအရေးယူနိုင်ရန် အဆိုပြုထားသည်။
လက်ရှိကျင့်သုံးနေသည့် ဥပဒေအရ အဆင်ခြင်မဲ့ မောင်းနှင်မှုကြောင့် ဒဏ်ရာရစေသည့် ယာဉ်မောင်းများကို အမြင့်ဆုံးပြစ်ဒဏ်အဖြစ် ဒဏ်ငွေသာချမှတ်နိုင်သည်။ ယာဉ်စည်းကမ်းဥပဒေ ပြုပြင်ပြောင်းလဲမှုကို ၂၀၁၇ ခုနှစ်တွင် စတင်ကြေညာခဲ့ခြင်းဖြစ်ပြီး ပြီးခဲ့သည့်တနင်္လာနေ့ ကြေညာချက်တွင် ဥပဒေ အကျုံးဝင်လာမည့်အချိန်ကာလကိုပါ ဖော်ပြထားသည်။ ယာဉ်စည်းကမ်း ချိုးဖောက်မှုအတွက် ပြစ်ဒဏ်တိုးမြှင့်မှုများကို အင်္ဂလန်၊ စကော့တလန်၊ ဝေးလ်နိုင်ငံများတွင် ကျင့်သုံးသွားမည်ဖြစ်ပြီး လမ်းအန္တရာယ်ကင်းရှင်းရေးဥပဒေ သီးသန့်ရေးဆွဲကျင့်သုံးနေသည့် မြောက်အိုင်ယာလန်နိုင်ငံတွင် အဆိုပါဥပဒေသစ် သက်ရောက်မည်မဟုတ်ပေ။
ပြီးခဲ့သည့်နှစ်က ဗြိတိန်နိုင်ငံတွင် အန္တရာယ်ဖြစ်စေနိုင်သည့် ယာဉ်မောင်းနှင်မှုကြောင့် အသက်ဆုံးရှုံး ရသည့် ဖြစ်ရပ်များအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၇၄ ဦး၊ သောက်စားမူးယစ်ပြီး အဆင်ခြင်မဲ့မောင်းနှင် မှုကြောင့် အသက်ဆုံးရှုံးမှုအတွက် ပြစ်ဒဏ်ချမှတ်ခံရသူ ၁၉ ဦး ရှိခဲ့သည်။
Ref:BBC(KNT)