နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မြေနေရာမလို၊ ရေအကုန်သက်သာသည့် နည်းပညာဖြင့် ဘရာဇီးတွင် အထပ်လိုက်စိုက်ခင်း ဖန်တီး

စက်တင်ဘာ ၁၅၊ ဘရာစီလီယာ


ဘရာဇီးနိုင်ငံ ဆော်ပေါ်လိုမြို့ အနောက်ပိုင်းရှိ ဂိုဒေါင်တစ်လုံးတွင် နည်းပညာသစ်အသုံးပြုပြီး ဟင်းသီးဟင်းရွက်နှင့် သစ်သီးဝလံများကို အထပ်လိုက်စိုက်ပျိုးလျက်ရှိသည်။ လူဦးရေ ၁၂ သန်း နေထိုင်သည့် ဆော်ပေါ်လိုမြို့တွင် စိုက်ပျိုးမြေရှားပါးပြီး စားနပ်ရိက္ခာများကို ဝေးလံခေါင်သီသည့်နေရာများမှ တင်သွင်းရလျက်ရှိသည်။ အနီနှင့် အပြာရောင် မီးများ ထွန်းညှိထားခြင်းကြောင့် Pink Farms ဟု အမည်ပေးထားသည့် အဆိုပါစိုက်ခင်းမှာ ဆော်ပေါ်လိုမြို့တွင် အထပ်လိုက်စိုက်ပျိုးသည့် ပထမဆုံး စိုက်ခင်းဖြစ်သည်။


Pink Farms စိုက်ခင်းတွင် ၁၀ ထပ်အမြင့်နှင့် ၈ ထပ်အမြင့်ရှိသည့် တာဝါနှစ်လုံးပါဝင်ပြီး တာဝါတစ်ထပ်၏ အကျယ်အဝန်းမှာ အိမ်ခန်းတစ်ခုစာ ကျယ်ဝန်းသည်။ အဆိုပါစိုက်ခင်းမှာ မြေသားပါဝင်မှုနည်းပါးသည့် စိုက်ပျိုးရေးနည်းပညာ၊ လောင်းပြီးသား ရေကို ထပ်ဖန်တလဲလဲ ပြန်လည်အသုံးပြုသည့် နည်းပညာများကို အသုံးပြုထားရာ သမားရိုးကျစိုက်ခင်းများနှင့် နှိုင်းယှဉ်ပါက ရေအကုန်အကျ ၉၅ ရာခိုင်နှုန်းသက်သာပြီး အကျယ်အဝန်းတူ သမားရိုးကျစိုက်ခင်းထက် သီးနှံအထွက်နှုန်း အဆ ၁၀၀ ပိုများသည်ဟု Pink Farms စိုက်ခင်းကို ပူးတွဲတည်ထောင်သူ မိုင်ယာက ပြောသည်။


အသက် ၂၉ နှစ်ရှိသည့် အင်ဂျင်နီယာ မိုင်ယာမှာ ၂၀၁၈ ခုနှစ်တွင် ယင်း၏အပေါင်းအသင်းနှစ်ဦးနှင့်အတူ အဆိုပါစီမံကိန်းကို စတင်ခဲ့ရာ ပြီးခဲ့သည့်နှစ်တွင် သီးနှံစထွက်ခဲ့ခြင်းဖြစ်သည်။ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါ မတိုင်မီ Pink Farms က စားသောက်ဆိုင်များအတွက် လတ်လတ်ဆတ်ဆတ် အသီးအနှံများ ရောင်းချပေးရန် ပြင်ဆင်ခဲ့ပြီး အဆင်ပြေခဲ့သော်လည်း ကိုရိုနာဗိုင်းရပ်စ်ကြောင့် အွန်လိုင်းမှတစ်ဆင့် ရောင်းချသည့်ပုံစံ ပြောင်းလဲခဲ့သည်။


အဆိုပါစိုက်ပျိုးနည်းမှာ သမားရိုးကျ စိုက်ပျိုးမှုနည်းလမ်းနေရာတွင် အစားထိုးဝင်ရောက် နိုင်လိမ့်မည်မဟုတ်သော်လည်း အနာဂတ်စိုက်ပျိုးမှုပုံစံ ဖြစ်လာလိမ့်မည်ဟု မိုင်ယာက ပြောသည်။


Ref:BBC(KNT)






အခြားဆက်စပ်သတင်းများ