စက်တင်ဘာ ၁၄
ကမ္ဘာကြီးတည်ရှိလာသည်မှာ ကြာပေပြီ။ သိပ္ပံပညာရှင်များ၏ ခန့်မှန်းချက်အရ ကမ္ဘာ့သက်တမ်းသည် နှစ်သန်းပေါင်း နှစ်ထောင်ဟုဆိုသည်။ ကမ္ဘာပေါ်တွင် သတ္တဝါဟူ၍ စတင်ပေါ်ပေါက်လာသည်မှာမူ လွန်ခဲ့သော နှစ်သန်းပေါင်းခြောက်ရာဟုဆိုပါသည်။
ကမ္ဘာ၏ အကျယ်အဝန်းသည် မိုင်ပေါင်းနှစ်သောင်းငါးထောင်ရှိပြီး အချင်းသည် မိုင်ရှစ်ထောင်ခန့်ဖြစ်သည်။ နေနှင့်ကမ္ဘာသည် မိုင်ပေါင်းကိုးဆယ့်သုံးသန်းခန့်ဝေးသည်။ ကမ္ဘာသည် နေကိုလှည့်ပတ်နေပြီး ၃၆၅ ၁/၄ ရက် တွင် တစ်ပတ်ပြည့်သည်။
ကမ္ဘာ့ဝင်ရိုးသည် ၂၃ ၁/၂ ဒီဂရီတိမ်းစောင်းနေသည်။ ကမ္ဘာ၏အစတွင် ပူလောင်နေသော မိုးများရွာပြီး ပူလောင်နေသော မြစ်များချောင်းများဖြစ်လာကာ ပင်လယ်အတွင်း စီးဆင်းသွားသည်။ ကုန်းပေါ်မှ ကျောက်တုံး၊ ကျောက်ခဲ၊ သဲ၊ ရွှံ့တို့သည် မြစ်ချောင်းများမှတစ်ဆင့် ပင်လယ်ထဲသို့ရောက်သွားပြီး ပင်လယ် ကြမ်းပြင်၏အောက်တွင် အနည်ထိုင်ကုန်ကြသည်။
ယင်းအနည်များမှာ ကျောက်လွှာများဖြစ်သွားခဲ့သည်။ သိပ္ပံပညာရှင်တို့က ထိုကျောက်လွှာများကို စမ်းသပ်လေ့လာပြီး ကမ္ဘာ့သက်တမ်းကို ခန့်မှန်းခဲ့ကြခြင်းဖြစ်သည်ဟု လေ့လာသိရှိရပေသည်။
လူဟူသည့် သတ္တဝါကား ကျောက်ခေတ်တွင် စတင်ပုံပေါ်လာခဲ့သည်။ ကျောက်ခေတ်ကို ခရစ်တော်မပေါ် မီ နှစ်ပေါင်းသုံးသောင်းငါးထောင်ခန့်တွင် ကျောက်ကြမ်းခေတ်၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်းသုံးသောင်းငါး ထောင်မှ တစ်သောင်းငါးထောင်အတွင်း ကျောက်ခေတ်လယ်၊ ခရစ်တော်မပေါ်မီ နှစ်ပေါင်းတစ်သောင်းငါး ထောင်မှ ခြောက်ထောင်အတွင်း ကျောက်ချောခေတ်ဟူ၍ သတ်မှတ်ထားသည်။ ကျောက်ခေတ်နှောင်းပိုင်းကို ကျောက်ခေတ်သစ်ဟုခေါ်သည်။
ကျောက်ကြမ်းခေတ်ကို အစရှာခေတ်၊ မုဆိုးများခေတ်ဟု သုတေသီတို့ကဆို၏။ ကျောက်ခေတ်လယ်ကို တိရစ္ဆာန်ထိန်းကျောင်းသူများခေတ်ဟု ဆို၏။ ကျောက်ချောခေတ်ကိုမူ စိုက်ပျိုးရေးခေတ်၊ အစာထုတ်ခေတ်ဟု ဆိုလေသည်။ ကျောက်ခေတ်သစ်မူကား သတ္တုခေတ်၏အစဖြစ်လေသည်။ ကျောက်ခေတ်သစ်တွင် ရာသီဥတု ပြောင်းလဲလာပြီး ကမ္ဘာ့အလယ်ပိုင်းတွင် အပူရှိန်လွန်ကဲလာခဲ့သည်။ အပူရှိန်သည် ကမ္ဘာ့မြောက်ဘက်ကို တစ်စတစ်စပျံ့နှံ့လာသည့်အတွက် ရေခဲဒေသတို့သည် မြောက်ဝင်ရိုးစွန်းဆီသို့ ရွေ့သွားကြတော့၏။
ကမ္ဘာပေါ်တွင် လူအမျိုးအနွှယ်များ ပျံ့နှံ့လာပြီး ယဉ်ကျေးမှုတိုးတက်လာကာ စုပေါင်းနေထိုင်မှု အကျိုးကို သိရှိလာကြသောကြောင့် မြို့ပြနိုင်ငံတည်ထောင်လာခဲ့ကြသည်။ ကမ္ဘာဦးတွင် စတင်ပေါ်ထွန်းခဲ့သော နိုင်ငံများမှာ အီဂျစ်ပြည်၊ မက်ဆိုပိုတေးမီးယား(ဘေဘီလုံ)၊ ဂရိပြည်၊ ရောမအင်ပါယာ၊ အိန္ဒိယပြည်၊ တရုတ် ပြည်တို့ဖြစ်သည်။
ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၄၅၀၀ ခန့်မှ စတင်ပေါ်ပေါက်ခဲ့သော အီဂျစ်ပြည်မှသည် ယနေ့အချိန်အခါတွင် ကမ္ဘာ၌ နိုင်ငံပေါင်းများစွာဖြစ်တည်လာခဲ့ပေပြီ။ လူနေမှုစနစ်တဖြည်းဖြည်း မြင့်မားတိုးတက်လာခဲ့သော ကမ္ဘာကြီးသည် လွန်ခဲ့သော နှစ်ပေါင်း ၂၀၀ ကျော်မှစ၍ မယုံနိုင်လောက်အောင်ပင် တစ်ဟုန်ထိုး ပြောင်းလဲလာ ခဲ့သည်။
ကမ္ဘာတွင် သိပ္ပံပညာ၊ စက်မှုပညာ၊ နည်းပညာရပ်များ တိုးတက်ထွန်းကားလာခဲ့ရာ စီးပွားရေးလုပ်ငန်း များသည်လည်း သိသိသာသာ တိုးတက်လာသည်။ ကမ္ဘာပေါ်တွင်ရှိသော သယံဇာတအရင်းအမြစ်တို့ကို လူတို့ ရှာဖွေဖော်ထုတ်ရယူသုံးစွဲလာကြသည်။
သို့ဖြင့် ကမ္ဘာကြီးသည် တဖြည်းဖြည်းအရည်အသွေးများလျော့ကျလာတော့သည်။ ကမ္ဘာ့လေထု၊ ကမ္ဘာ့ရေ ထု၊ ကမ္ဘာ့မြေထုတို့သည် တစ်စတစ်စ ညစ်ညမ်းယိုယွင်းပျက်စီးလာတော့သည်။ ကမ္ဘာ့သယံဇာတများကို လောင်စာစွမ်းအင်အဖြစ် အလွန်အမင်းသုံးစွဲကြသောကြောင့် သစ်တောပြုန်းတီးမှု၊ မြေဆီလွှာပြုန်းတီးမှု၊ ဇီဝ မျိုးစုံ မျိုးကွဲများဆုံးရှုံးမှု၊ အိုဇုန်းလွှာပျက်စီးမှု၊ ကမ္ဘာကြီးပူနွေးလာမှုနှင့် ရာသီဥတုဖောက်ပြန်မှုများ စသည့် ပတ်ဝန်းကျင်ယိုယွင်းပျက်စီးမှုများကို ရင်ဆိုင်ကြုံတွေ့လာရတော့သည်။
သို့ဖြစ်ရာ ကမ္ဘာသူ ကမ္ဘာသားတို့၏ အကျိုးအတွက် ကမ္ဘာ့ပတ်ဝန်းကျင်ကို ထိန်းသိမ်းရန် လိုအပ်လာလေ သည်။ ကမ္ဘာ့ကုလသမဂ္ဂအဖွဲ့သည် နိုင်ငံတကာကိုဖိတ်ခေါ်ပြီး လူသားနှင့် ပတ်ဝန်းကျင်ညီလာခံကို ၁၉၇၂ ခုနှစ်၊ ဇွန်လ ၅ ရက်တွင် ကျင်းပခဲ့သည်။
ထိုကွန်ဖရင့်အပြီးတွင် ကုလသမဂ္ဂပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် UNDP ကို ဖွဲ့စည်းခဲ့သည်။ ကမ္ဘာအနှံ့မှာ နိုင်ငံအလိုက် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းများ ချမှတ်စီစဉ် အကောင်အထည် ဖော်ဆောင်ရွက်ခဲ့ကြသည်။ ဇွန်လ ၅ ရက်သည် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ ဖြစ်လာသည်။
ပတ်ဝန်းကျင် ထိန်းသိမ်းရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အရေးပါသော အပိုင်းကဏ္ဍများမှာ ရေထုညစ်ညမ်းမှုထိန်းသိမ်းရေး၊ လေထုညစ်ညမ်းမှုထိန်းသိမ်းရေးနှင့် မြေပြင်ညစ်ညမ်းမှုထိန်းသိမ်းရေးတို့ ဖြစ်ပါသည်။
ရေထုညစ်ညမ်းမှုဖြစ်ပေါ်လာရခြင်းမှာ လူသားတို့၏ စွန့်ပစ်ပစ္စည်းများ၊ စက်ရုံအလုပ်ရုံများမှ ဆိုးဆေး အစရှိသော ဓာတုဗေဒပစ္စည်းများကြောင့်ဖြစ်သည်။ ပင်လယ်အဏ္ဏဝါပြင်တွင် ရေထုညစ်ညမ်းသည့်အတွက် ရေနေသတ္တဝါများ သေကြေမျိုးတုံးနိုင်သည်အထိ အန္တရာယ်ရှိလာနိုင်ပေသည်။
ကမ်းရိုးတန်းညစ်ညမ်းမှုကြောင့် မြစ်ရေကို သောက်သုံးရသော ပြည်သူလူထုမှာ ကျန်းမာရေးထိခိုက်လာ နိုင်သည်။ ထို့ကြောင့် နိုင်ငံတိုင်းတွင် ရေသယံဇာတကို သန့်ရှင်းကောင်းမွန်အောင် အစီအစဉ်များချမှတ်ဆောင် ရွက်လျက်ရှိသည်။ ဇွန်လ ၂၂ ရက်ကိုလည်း ရေသယံဇာတနေ့အဖြစ် သတ်မှတ်ပြီး ရေကောင်းရေသန့်သုံးစွဲ နိုင်ရေးအတွက် ကြိုးပမ်းခဲ့ကြသည်။
လေထုညစ်ညမ်းမှု၏ အဓိကတရားခံမှာ မီးဖိုဆောင်၊ စက်ရုံ၊ အလုပ်ရုံ၊ မော်တော်ယာဉ်များက ထုတ်လွှတ် သော မီးခိုးများဖြစ်သည်။ စက်ရုံ၊ အလုပ်ရုံများက ထုတ်လွှတ်လိုက်သော ကာဗွန်ဒိုင်အောက်ဆိုဒ်များ၊ အမှုန် အမွှားများသည် လေထုပတ်ဝန်းကျင် ညစ်ညမ်းမှုကိုဖြစ်ပေါ်လာစေရုံသာမက နိုင်ငံတစ်နိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အဆောက်အဦများ၊ အနုပညာလက်ရာပစ္စည်းများကိုပင် ရုပ်ပျက်ဆင်းပျက်ဖြစ်စေနိုင်သည်ကို တွေ့ရသည်။
အိန္ဒိယနိုင်ငံတွင် ရှားဂျဟန်မင်းကြီး၏ တပ်ဂျ်မဟာလ်သင်္ချိုင်းဂူဗိမာန်ကြီးကို မူလအရောင်အသွေးများ ပျက်စီးသွားသော အန္တရာယ်ကို တားဆီးသည့်အနေဖြင့် တပ်ဂျ်မဟာလ်နှင့် မိုင် ၃၀၀ ပတ်ဝန်းကျင်ရှိ ကျောက်မီးသွေးလောင်စာသုံးစက်ရုံအားလုံးကို ပိတ်ပင်ခဲ့ကြသည်။
အိုဇုန်းလွှာပျက်စီးမှုသည် လေထုညစ်ညမ်းမှုကရရှိသော ဆိုးကျိုးဖြစ်သည်။ အိုဇုန်းလွှာဆိုသည်မှာ နေက ထုတ်လွှတ်လိုက်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးသော ကမ္ဘာ့အပေါ်ယံအလွှာဖြစ်သည်။ အိုဇုန်း လွှာပါးလျာပျက်စီးမှုကြောင့် ကမ္ဘာပေါ်တွင် ရာသီဥတုဖောက်ပြန်လာသကဲ့သို့ ပူနွေးလာသော ကမ္ဘာကြီး ကြောင့် လူသားများအတွက် ဆိုးရွားသော ဘေးအန္တရာယ်များကျရောက်လာနိုင်လေသည်။ ထို့ကြောင့် ကမ္ဘာ့ ကုလသမဂ္ဂသည် ၁၉၈၀ ပြည့်နှစ်ကစပြီး အိုဇုန်းလွှာကာကွယ်ရေးကို စတင်ဆောင်ရွက်ခဲ့ပါသည်။
၁၉၈၈ ခုနှစ်တွင် ကုလသမဂ္ဂ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအစီအစဉ် UNDP က ညီလာခံကျင်းပပြီး ၁၉၉၁ ခုနှစ်၊ ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ပဋိဉာဉ်စာတမ်းကို နိုင်ငံပေါင်း ၂၄ နိုင်ငံက လက်မှတ်ထိုး ခဲ့ကြသည်။
အိုဇုန်းလွှာပါးလွှာမှု၏ အကြောင်းရင်းတစ်ရပ်ဖြစ်သော ဖရီယွန်ထုတ်လုပ်မှုကိုလည်း တရုတ်နိုင်ငံက စတင်ရပ်စဲခဲ့သည်။ နှစ်စဉ်စက်တင်ဘာ ၁၆ ရက်နေ့ကို ကမ္ဘာ့အိုဇုန်းလွှာကာကွယ်ရေးနေ့အဖြစ် သတ်မှတ် ကျင်းပခဲ့သည်။
မြေပြင်ညစ်ညမ်းမှု၊ စွန့်ပစ်ပစ္စည်း၊ ရေဆိုးများကြောင့် ဖြစ်ပွားခြင်းဖြစ်သည်။ မြေဆီလွှာပြုန်းတီးခြင်း ကြောင့် စိမ်းလန်းစိုပြည်စေရေးကို ထိခိုက်စေသကဲ့သို့ သက်ရှိများ မြေ၏ဇီဝဖြစ်စဉ်ကိုလည်း အနှောင့်အယှက် ပြုလေသည်။ များသောအားဖြင့် လူဦးရေထူထပ်ပြီး ဖွံ့ဖြိုးမှုနှေးကွေးသော နိုင်ငံများတွင် ရင်ဆိုင်ကြုံတွေ့ရ သော ပြဿနာမျိုးဖြစ်သည်။
ထို့ကြောင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ဆက်နွှယ်လျက် လူဦးရေတိုးပွားနှုန်း ထိန်းသိမ်းရေးကိုလည်း ဆောင်ရွက်ကြရမည်ဖြစ်သည်။
မြန်မာနိုင်ငံသည် နိုင်ငံတကာနှင့် ပူးပေါင်းဆောင်ရွက်မှုအဖြစ် ကုလသမဂ္ဂရာသီဥတုပြောင်းလဲမှု ဆိုင်ရာ ကွန်ဗင်းရှင်း၊ အိုဇုန်းလွှာကာကွယ်ရေးဆိုင်ရာ ဗီယင်နာကွန်ဗင်းရှင်း၊ ဇီဝမျိုးစုံမျိုး မျိုးကွဲထိန်းသိမ်းရေး ကွန်ဗင်းရှင်း၊ မျိုးဆက်ပျက်သုဉ်းလုဆဲဆဲ တောရိုင်းတိရစ္ဆာန်နှင့် သစ်ပင်ပန်းမန်များ ထိန်းသိမ်းစောင့်ရှောက် ရေး ကွန်ဗင်းရှင်း၊ နိုင်ငံတကာ ကုန်သွယ်မှုဆိုင်ရာ ကွန်ဗင်းရှင်းစသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သဘောတူညီချက်များကို လက်မှတ်ရေးထိုးခဲ့သည်။
သစ်တောသယံဇာတအရင်းအမြစ်ကို အသုံးပြု၍ တရုတ်ပြည်သူ့ သမ္မတနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက် သော ဝါပျော့ဖတ်စက်ရုံစီမံကိန်းတို့တွင် စက်ရုံများမှထွက်ရှိလာသော အသုံးပြုပြီး ဓာတ်ဆေးများကို ပတ်ဝန်းကျင်ညစ်ညမ်းမှုမဖြစ်စေရန် ပြုပြင်ထုတ်လုပ်ပေးမည့် ဓာတ်ဆားပြန်ထုတ်စက်ရုံ၊ ပတ်ဝန်းကျင် ညစ်ညမ်းမှုမဖြစ်အောင် ထိန်းသိမ်းပေးနိုင်သည့် အကြီးစားစက်ရုံတစ်ရုံဖြစ်၏။ စက်ရုံအတွက် သစ်တောသယံဇာတများကို အသုံးပြုရင်း တစ်ဖက်မှသဘာဝပတ်ဝန်းကျင် ပျက်စီးမှုမဖြစ်ပေါ်စေရန် သစ်တောဦးစီးဌာနနှင့်ပူးပေါင်းကာ စက်မှုသုံးသစ်တောစိုက်ခင်းဧက ရှစ်ထောင်ခန့်ထူထောင်သုံးမည်ဖြစ် သည်။
ယင်းမှာ သဘာဝသယံဇာတအရင်းအမြစ်များကို ရေရှည်တည်တံ့စေနိုင်မည့် နည်းလမ်းကို အသုံးပြုခြင်း ဖြင့် ပတ်ဝန်းကျင်ညစ်ညမ်းမှု ဆိုးကျိုးများကို ကာကွယ်တားဆီးခြင်းဖြစ်သည်။
ကမ္ဘာကြီးကား လူသားအားလုံးတို့၏ မှီခိုရာဖြစ်သည်။ ကမ္ဘာကြီးရေရှည်တည်တံ့ရန် လူသားတိုင်း ကာကွယ်စောင့်ရှောက်ကြရမည်ဖြစ်သည်။ မျိုးဆက်ပေါင်းများစွာ ရှင်သန်နေထိုင်ရာကမ္ဘာကြီးကို မပျက်စီးရလေ အောင် မျိုးဆက်သစ်များအားလုံး တာဝန်သိသိကာကွယ်ကြရမည်ဖြစ်ပါသည်။ ။
မောင်လွမ်းရည်(ရွှေတောင်)