နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
ပြည်ပမှ တရားမဝင်အဝယ်များရှိ၍ ပြည်တွင်း ရွှေဈေးကျဆင်းနိုင်ချေ မရှိဟုဆို

ရန်ကုန်  စက်တင်ဘာ  ၁၄


ပြည်ပမှ တရားမဝင် အဝယ်များရှိသောကြောင့် ပြည်တွင်း ရွှေဈေး ကျပ် ၁၃ သိန်းအောက် ကျဆင်းနိုင်ချေ မရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း မှ သိရသည်။

             ယင်းသို့  ပြည်တွင်းရွှေဈေး ကျပ် ၁၃ သိန်းအောက် မကျဆင်းနိုင်ခြင်းမှာ ကမ္ဘာ့ရွှေပေါက်ဈေးနှင့် ပြည်တွင်းရွှေပေါက်ဈေးမှာ တစ်ကျပ်သားလျှင် ကျပ် တစ်သိန်းခွဲခန့် ကွာဟနေခြင်းနှင့် ပြည်ပမှ တရားမဝင် အဝယ်များ ရှိနေသောကြောင့် ဖြစ်သည်ဟုဆိုသည်။

            " အခုကမ္ဘာ့ပေါက်ဈေးနဲ့ ရန်ကုန်ပေါက်ဈေးနဲ့က တစ်ကျပ်သားကို တစ်သိန်းခွဲလောက်ကွာတယ်။ အရင်တုန်းက အိန္ဒိယဘက်က ကျွန်တော်တို့ဆီက ဝင်ဝယ်တယ်။အခုနောက်ပိုင်းကျတော့ ဘန်ကောက်ဘက် အခြမ်းကနေ ဝင်ပြီး ဝယ်တာတွေရှိတယ်။ ကိုယ့်ဆီက မဝယ်နိုင်ပေမယ့် ဘေးကနေ တရားမဝင် ဝယ်တာတွေက ဝင်လာတော့ ရွှေဈေးကတော့ မကျနိုင်တော့ဘူး။ မနှစ်ကတုန်း ကတော့ တစ်နှစ်လုံး ၁၂ သိန်းနဲ့ သွားတယ်၊ ဒီနှစ်ကတော့ ၁၃ သိန်းက အခြေခံ ကြမ်းခင်းဈေး တစ်ခု ဖြစ်လိမ့်မယ်"ဟု ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များ အသင်း ဥက္ကဌ ဦးမျိုးမြင့် က ပြောသည်။

            ပြည်တွင်းအခေါက်ရွှေဈေး ကျပ် ၁၃ သိန်း အထက်တွင် ရှိနေကာ စက်တင်ဘာလ ၁၁ ရက်တွင် ကမ္ဘာ့ရွှေဈေးမှာ တစ်အောင်စလျှင် အမေရိကန်ဒေါ်လာ ၁၉၃၉ ဒေါ်လာရှိပြီး ပြည်တွင်းရွှေဈေးကွက်အတွင်း အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၁၄၀ဝ၀ ရှိနေသည်။

            ယင်းသို့  ပြည်တွင်းရွှေဈေး ကျပ် ၁၃ သိန်း အထက်တွင် ရှိနေသော်လည်း ငွေကြေးဈေးကွက် အတွင်း ငွေလဲလှယ်နှုန်းမှာ ၁၄၀ဝ ကျပ် အောက်သာ ရောက်ရှိနေပြီး စက်တင်ဘာလ ၁၁ ရက်တွင် ငွေလဲနှုန်း တစ်ဒေါ်လာလျှင်  ၁၃၄၃ ကျပ် သာ ရှိသည်။

ယခုနှစ်အတွင်း ကမ္ဘာ့ရွှေဈေး စံချိန်တင် မြင့်တက်မှုနှင့်အတူ ပြည်တွင်းရွှေဈေးသည်လည်း စံချိန်သစ်များ ထပ်မံဖြစ်ပေါ်လျက်ရှိရာ သြဂုတ်လ ၇ ရက်တွင် အခေါက်ရွှေ တစ်ကျပ်သားလျှင် ကျပ် ၁၃၃၂၅၀ဝ အထိ ရှိခဲ့ကြောင်း ရွှေဈေးကွက် အတွင်းမှ သိရသည်။                                                             


 မေဘယ်လ်အောင်






အခြားဆက်စပ်သတင်းများ