ရန်ကုန် စက်တင်ဘာ ၁၄
ရန်ကုန်တိုင်းဒေသကြီးရဲတပ်ဖွဲ့နယ်မြေအတွင်း တရားဥပဒေစိုးမိုးရေးနှင့် ပြည်သူလူထု၏ အသက် အိုးအိမ်စည်းစိမ်ကို ထိခိုက်စေမည့် မှုခင်းများမဖြစ်ပွားစေရေးအတွက် သက်ဆိုင်ရာနယ်မြေအလိုက် ဖမ်းဆီး ခြင်းဆောင်ရွက်ခဲ့ရာ စက်တင်ဘာ ၁၃ ရက်၊ ည ၉ နာရီ ၃၅ မိနစ်အချိန်တွင် လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် (၁၄)ရပ်ကွက်၊ ဦးပုညလမ်းမပေါ်၌ သူရအောင် ထံမှ အရိုးအသွား(၈)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း၊
မင်္ဂလာဒုံမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် ည ၈ နာရီ ၅၀ မိနစ်အချိန်တွင် ထောက်ကြန့်၊ ရွှေနံ့သာ စံပြကျေးရွာ၊ ကျွန်းရွှေဝါလမ်းမပေါ်၌ ဇော်မှိုင်းထံမှ အရိုးအသွား(၁၀)လက်မခွဲခန့်ရှိ ထိပ်ဦးချွန်စကေဘာတစ်ချောင်းကိုလည်းကောင်း၊ မြောက်ဥက္ကလာပမြို့နယ်ရဲတပ်ဖွဲ့မှတပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၄ ရက်၊ နံနက် ၅ နာရီ ၁၅ မိနစ်အချိန်တွင် (ဃ)ရပ်ကွက်၊ နွယ်နီ(၃)လမ်းထိပ်၌ ပြည့်ဖြိုးဟန်ထံမှ အရိုးအသွား(၈)လက်မခန့်ရှိ ထိပ်ဦးချွန်ဓားတစ်ချောင်းကိုလည်းကောင်း သိမ်းဆည်းရမိ၍ သက်ဆိုင်ရာရဲစခန်းအသီးသီးတွင် အမှုဖွင့်အရေးယူခဲ့ကြောင်း သိရသည်။
ဆွေဦး