နောက်ဆုံးရသတင်းများ အယ်ဒီတာ့အာဘော် ပြည်တွင်းသတင်း နိုင်ငံတကာသတင်း စီးပွားရေးသတင်း အားကစားသတင်း ဆောင်းပါးများ မှုခင်းသတင်း နည်းပညာသတင်း မင်္ဂလာသတင်း နာရေးသတင်း သတင်းထုတ်ပြန်ချက်
...
မူးယစ်ဆေးဝါးသယ်ဆောင်သူအား မန္တလေးမြို့ပေါ်တွင် ပစ်ခတ်ဖမ်းဆီးခဲ့ရ

မန္တလေး စက်တင်ဘာ ၁၄


 မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင်များသည် စက်တင်ဘာ ၁၃ ရက်၊ နံနက် ၅ နာရီခွဲအချိန် ပြင်ဦးလွင်မြို့အဝင်တွင်  တရားမဝင်ကုန်ပစ္စည်းများ စစ်ဆေးရန်ထားရှိသည့် Mobile X-Ray စက်နေရာကို ရှောင်ကွင်းနိုင်သည့်နေရာများအား ပိတ်ဆို့စစ်ဆေးနေစဉ် လားရှိုးမှ မန္တလေးသို့ ယာဉ်မောင်း ဝသုန်မင်းထက် မောင်းနှင်ပြီး စိုင်းသန်းမြင့်လိုက်ပါလာသည့် ကုန်ပစ္စည်းတင်ဆောင်လာခြင်းမရှိသော ၆ ဘီးယာဉ်အား ရပ်တန့်စစ်ဆေးရာ ယာဉ်မောင်းခေါင်မိုးအပေါ်အံဝှက်အတွင်း မသင်္ကာဖွယ်မူးယစ်ဆေးဝါးများတွေ့ရှိရသဖြင့် ပဏာမစစ်ဆေးချက်အရ မန္တလေးသို့ ပို့ရမည် ဖြစ်ကြောင်း၊ မူးယစ်ဆေးဝါးပိုင်ရှင်မှာ ၎င်းတို့ရှေ့မှ Toyota Land Cruiser အမျိုးအစား ခဲရောင် မော်တော်ယာဉ်ဖြင့် ကြိုသွားနှင့်ပြီး မန္တလေးမြို့အဝင်တွင် စောင့်ကြိုမည်ဖြစ်ကြောင်း သိရသည်။

ယင်းမူးယစ်ဆေးဝါးသယ်ဆောင်လာသည့်ယာဉ်ကို တပ်ဖွဲ့ဝင်များ၊ သက်သေများနှင့်အတူ မန္တလေးဘက်သို့ မောင်းနှင်စေပြီး နေ့လယ်ပိုင်းတွင် မန္တလေးမြို့အဝင်၌ Toyota Land Cruiser ယာဉ်အားတွေ့ရှိသဖြင့် ဖမ်းဆီးရရှိရေး ပိတ်ဆို့တားဆီးစဉ် ရဲတပ်ဖွဲ့ပိုင်ယာဉ်ကို ပွတ်တိုက်ပြီးနောက် မန္တလေးမြို့အတွင်း လှည့်ပတ် မောင်းနှင်ထွက်ပြေးသဖြင့် နောက်မှထပ်ချပ်မကွာလိုက်လံ ဖမ်းဆီးသော်လည်း ရပ်တန့်ခြင်းမရှိ၍ မန္တလေးမြို့၊ ၂၆ လမ်းပေါ် ၅၆ လမ်းနှင့် ၅၇ လမ်းကြားအရောက်တွင် ယာဉ်ဘေးချင်းယှဉ်၍ သေနတ်ဖြင့် ၃ ချက် ပစ်ခတ်ဖမ်းဆီးရာ Toyota Land Cruiser ယာဉ်ဖြင့် မောင်းနှင်ထွက်ပြေးသူ စိုင်းဝင်းနိုင်(ခ)အားချိန်၊ လားရှိုးမြို့နေသူအား ညာဘက်လက်ဖျံ သေနတ် ထိမှန်ဒဏ်ရာဖြင့် ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ဆေးချက်များအရ ၆ ဘီး ယာဉ်ပေါ်တွင် ဆပ်ပြာခွက် ၁၃၂၀ ခွက်ဖြင့်ထည့်လျက် ဘိန်းဖြူ ၁၃.၂ ကီလို၊ ငွေကျပ်သိန်း ၇၉၂၀ တန်ဖိုးရှိ မူးယစ်ဆေးဝါးများ သိမ်းဆည်းရမိခဲ့ပြီး မူးယစ်ဆေးဝါးများပိုင်ရှင် စိုင်းဝင်းနိုင်(ခ)အားချိန် က ယာဉ်မောင်း ဝသုန်မင်းထက် နှင့် စိုင်းသန်းမြင့် တို့အား မူးယစ်ဆေးဝါးများသိုဝှက် ထည့်သွင်းထားသည့် ၆ ဘီးမော်တော်ယာဉ်အား လားရှိုးမှမန္တလေးသို့ မောင်းနှင်ရန် ငှားရမ်းခဲ့ကြောင်းနှင့် စိုင်းဝင်းနိုင်(ခ)အားချိန် သည် Toyota Land Cruiser ယာဉ်ဖြင့် မန္တလေးမြို့သို့ သီးခြားလိုက်ပါခဲ့ပြီး မန္တလေးမြို့တွင် မူးယစ်ဆေးဝါးများ လက်ခံ ယူမည်ဖြစ်ကြောင်း သိရှိရသဖြင့် ဝသုန်မင်းထက်၊ စိုင်းသန်းမြင့် နှင့် စိုင်းဝင်းနိုင်(ခ)အားချိန်တို့အား မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာ ဥပဒေအရအရေးယူထားပြီး ကွင်းဆက် တရားခံများ ဖမ်းဆီးရမိရေးဆောင်ရွက်လျက်ရှိကြောင်း  သိရသည်။


ဆွေဦး






အခြားဆက်စပ်သတင်းများ