စက်တင်ဘာ ၁၃၊ တီဟီရန်
နိုင်ငံတကာက လွတ်ငြိမ်းချမ်းသာခွင့်ပေးရန် တောင်းဆိုနေသော်လည်း လူသတ်မှုဖြင့် စီရင်ချက် ချမှတ်ခံထားရသည့် နပန်းသမားကို အီရန်နိုင်ငံက ကွပ်မျက်ခဲ့သည်။ အသက် ၂၇ နှစ်ရှိသည့် အက်ကာရီသည် ၂၀၁၈ ခုနှစ်က အစိုးရဆန့်ကျင်ရေး ဆန္ဒပြပွဲများ ဖြစ်ပွားခဲ့ချိန်အတွင်း လုံခြုံရေးအစောင့်အကြပ်တစ်ဦးကို သတ်ဖြတ်မှုအတွက် သေဒဏ်ချမှတ်ခံထားရသူဖြစ်သည်။ ယင်းအနေဖြင့် အတင်းအကျပ် နှိပ်စက်ခံရခြင်းကြောင့် ဖြောင့်ချက်ပေးခဲ့ခြင်းဟု အက်ကာရီက ဆိုသည်။ အက်ကာရီကို ကွပ်မျက်ခဲ့ခြင်းမှာ တရားဥပဒေကို ပုံဖျက်မှုဖြစ်သည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ပြောသည်။
''ကျွန်တော် ကွပ်မျက်ခံရရင် ကျွန်တော့်မှာ အပြစ်မရှိဘူးဆိုတာ သိစေချင်ပါတယ်''ဟု အက်ကာရီက ပြောခဲ့ကြောင်း နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က ထုတ်ပြန်ခဲ့သည့် အသံမှတ်တမ်းတွင် ဖော်ပြထားသည်။ အက်ကာရီကို အီရန်နိုင်ငံတောင်ပိုင်း ရှီရက်ဇ်မြို့တွင် ကြိုးပေးကွပ်မျက်ခဲ့ကြောင်း အီရန်နိုင်ငံပိုင်မီဒီယာက ဖော်ပြသည်။ အီရန်နိုင်ငံဥပဒေအရ အက်ကာရီအနေဖြင့် မိသားစုနှင့် တွေ့ဆုံခွင့်ရှိသော်လည်း ယင်းအနေဖြင့် မိသားစုနှင့်တွေ့ဆုံရန် ပိတ်ပင်တားဆီးခံခဲ့ရသည်ဟု ယင်း၏ရှေ့နေက ပြောသည်။ အက်ကာရီကို မကွပ်မျက်မီ ကမ္ဘာတစ်ဝန်းရှိ အားကစားသမား ၈၅၀၀၀ ကို ကိုယ်စားပြုသည့် သမဂ္ဂအပါအဝင် အဖွဲ့အစည်းအများအပြားက ယင်းကို မကွပ်မျက်ရန် တောင်းဆိုခဲ့ကြသည်။ အက်ကာရီအနေဖြင့် ဆန္ဒပြပွဲများတွင် ပါဝင်ခဲ့ခြင်းကြောင့် မမျှမတ ပစ်မှတ်ထားခံခဲ့ရကြောင်း၊ အက်ကာရီကို ကွပ်မျက်ခဲ့ပါက အီရန်နိုင်ငံကို ကမ္ဘာ့အားကစားလောကမှ ထုတ်ပယ်ရန် ကမ္ဘာ့အားကစားသမား အစည်းအရုံးက ပြောသည်။
Ref:BBC(KNT)