စက်တင်ဘာ ၁၃၊ လူဘလာနာ
အာမခံကြေး လိမ်လည်ထုတ်ယူသည့် အစီအစဉ်တစ်စိတ်တစ်ပိုင်းအဖြစ် ဆလိုဗေးနီးယား အမျိုးသမီး တစ်ဦးက ကိုယ့်လက်ကိုယ် လွှဖြင့်ဖြတ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည်။ အသက် ၂၂ နှစ်ရှိသည့် အဒယ်ဆစ်သည် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် မလုပ်မီ အာမခံ ၅ မျိုး ဝယ်ယူခဲ့ကြောင်း လူဘလာနာမြို့ တရားရုံးတွင် စစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းအနေဖြင့် သစ်ကိုင်းခုတ်နေစဉ် လက်ပြတ်သွားခြင်းဟု အဒယ်ဆစ်က ပြောသည်။ ထို့ကြောင့် အာမခံငွေ ယူရို (၁)သန်းကျော် ထုတ်ယူပိုင်ခွင့်ရှိသည်ဟု အဒယ်ဆစ်က ဆိုသည်။
သို့သော် ယခုအခါတွင် ကိုယ့်ကိုယ်ကိုယ် ဒဏ်ရာရအောင် လုပ်ခဲ့ကြောင်း စစ်ဆေးတွေ့ရှိခဲ့ခြင်းကြောင့် ထောင်ဒဏ် ၂ နှစ် ချမှတ်ခံရမည်ဖြစ်ပြီး ယင်း၏ချစ်သူမှာလည်း ထောင်ဒဏ် ၃ နှစ် ချမှတ်ခံရမည်ဖြစ်သည်။ ၂၀၁၉ ခုနှစ်တွင် အဒယ်ဆစ်က လက်ကောက်ဝတ်အပေါ်ပိုင်း ပြတ်နေသည့် ဒဏ်ရာဖြင့် ဆေးရုံသို့ ရောက်ရှိလာခဲ့ပြီးနောက်ပိုင်း အဒယ်ဆစ်နှင့် ယင်း၏ ဆွေမျိုးအများအပြားကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ အဒယ်ဆစ်နှင့် ယင်း၏ချစ်သူတို့မှာ လက်ပြတ်သည့် ဒဏ်ရာကို သေရာပါဖြစ်စေရန်အတွက် ပြတ်ထွက်သွားသည့် လက်ကို ဆေးရုံသို့ ယူမလာခဲ့ဘဲ ရည်ရွယ်ချက်ရှိရှိ ချန်ထားခဲ့သည်ဟု တရားရုံးက စစ်ဆေးတွေ့ရှိခဲ့သည်။ သို့သော် အာဏာပိုင်များက ပြတ်ထွက်သွားသည့်လက်ကို အချိန်မီ ရှာဖွေနိုင်ခဲ့ပြီး ပြန်ချုပ်နိုင်ခဲ့သည်။ အဒယ်ဆစ်နှင့် ယင်း၏ချစ်သူတို့မှာ အခင်းမဖြစ်ပွားမီနေ့က အင်တာနက်ပေါ်တွင် လက်အတုများ ရှာဖွေခဲ့သည်ဟု အစိုးရ ရှေ့နေများက ပြောသည်။
Ref:BBC(KNT)