စက်တင်ဘာ ၁၃၊ ကာဘူးလ်
ကာတာနိုင်ငံတွင် အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်အဖွဲ့ကြား ပထမဆုံး ငြိမ်းချမ်းရေးဆွေးနွေးပွဲ ကျင်းပခဲ့ရာ လူသားချင်းစာနာထောက်ထားသည့် အပစ်အခတ်ရပ်စဲမှုပြုလုပ်ရန် အာဖဂန်နစ္စတန်အစိုးရက တာလီဘန်အဖွဲ့ကို တိုက်တွန်းခဲ့သည်။ စစ်ပွဲတွင် အနိုင်ရသူမရှိကြောင်း အာဖဂန်နစ္စတန်အစိုးရ ကိုယ်စားလှယ် အဖွဲ့ကို ဦးဆောင်သူ အဗ္ဗဒူလာက ပြောသည်။ တာလီဘန်အဖွဲ့က အပစ်အခတ်ရပ်စဲရေးကိစ္စကို ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိဘဲ အာဖဂန်နစ္စတန်နိုင်ငံအနေဖြင့် အစ္စလာမ်ဥပဒေအောက်တွင် ရှိနေသင့်သည်ဟု ဆိုခဲ့သည်။ '' တစ်ကမ္ဘာလုံးက ခင်ဗျားတို့ကြားမှာ ငြိမ်းချမ်းရေးစာချုပ်ချုပ်ဆိုမှု ဖြစ်မြောက်စေချင်နေကြတယ်''ဟု အမေရိကန်နိုင်ငံက ပြောခဲ့ပြီး နှစ်ဖက်လုံးကို သဘောတူညီမှု ရယူရန် တွန်းအားပေးခဲ့သည်။
အာဖဂန်နစ္စတန်နိုင်ငံတွင် ဆယ်စုနှစ် ၄ ခုကြာမြင့်သည့် ပဋိပက္ခဖြစ်ပွားခဲ့ရာ အရပ်သားသောင်းချီ သေဆုံးခဲ့သည်။ အယ်လ်ကေးဒါးအဖွဲ့၏ တိုက်ခိုက်မှုကြောင့် လူ ၃၀၀၀ နီးပါး သေဆုံးခဲ့သည့် စက်တင်ဘာ ၁၁ ရက် အကြမ်းဖက်တိုက်ခိုက်မှု ၁၉ နှစ်မြောက် ဝမ်းနည်းခြင်း အထိမ်းအမှတ်နေ့အပြီး တစ်ရက်အကြာဖြစ်သည့် ပြီးခဲ့သည့်စနေနေ့က အာဖဂန်နစ္စတန်အစိုးရနှင့် တာလီဘန်အဖွဲ့တို့ သမိုင်းဝင်ငြိမ်းချမ်းရေးဆွေးနွေးမှု စတင်ခဲ့ခြင်းဖြစ်သည်။ အစောပိုင်းတွင် တာလီဘန်အဖွဲ့က အာဖဂန်နစ္စတန်အစိုးရကို အမေရိကန်အစိုးရ ကြိုးဆွဲရာကနေသည့် ရုပ်သေးရုပ်ဟု သမုတ်ခဲ့ပြီး ဆွေးနွေးမှုလုပ်ရန် ငြင်းဆန်ခဲ့သည်။
Ref:BBC(KNT)