စက်တင်ဘာ ၁၂၊ ဟောင်ကောင်
၁၀၂ ဒသမ ၃၉ ကာရက်ရှိသည့် စင်းလုံးချော ရှားပါးစိန်ပွင့်ကြီးကို လာမည့်လတွင် ဟောင်ကောင်မြို့၌ လေလံတင် ရောင်းချမည်ဖြစ်ပြီး ကမ္ဘာ့တန်ကြေးအမြင့်ဆုံး ကျောက်မျက်ရတနာတစ်ခု ဖြစ်လာဖွယ် ရှိနေသည်ဟု CNN သတင်းဌာနက ဖော်ပြသည်။ ၂၀၁၈ ခုနှစ်က ကနေဒါနိုင်ငံ၊ အွန်တာရီယိုပြည်နယ်တွင် တူးဖော်တွေ့ရှိခဲ့သည့် ၂၇၁ ကာရက် စိန်အရိုင်းတုံးကြီးကို သွေးရာတွင် အပြစ်အနာအဆာ လုံးဝမရှိသည့် ၁၀၂ ဒသမ ၃၉ ကာရက် စိန်ပွင့်ကြီးကို ရရှိလာခြင်းဖြစ်သည်။
Sotheby လေလံကုမ္ပဏီက လေလံပွဲအကြို ခန့်မှန်းဈေးနှုန်းကို ထုတ်ပြောရန် ငြင်းဆန်ထားသည်။ ယခင် လေလံပွဲများတွင် ထိုမျှအရွယ်အစားရှိပြီး အရည်အသွေးကောင်းသည့် စိန်ပွင့်များမှာ အမေရိကန်ဒေါ်လာ ၁၂ သန်းမှ သန်း ၃၀ ကျော်အထိ ရခဲ့ဖူးသည်။ ဘဲဥပုံရှိသည့် စိန်ပွင့်ကြီးမှာ စိန်အကဲဖြတ်နှုန်းစံ (C) ၄ မျိုးဖြစ်သည့် စိန်သွေးမှု (cut)၊ အရောင်အသွေး (color)၊ ကြည်လင်ပြတ်သားမှု (clarity)၊ ကာရက်အလေးချိန် (carat weight) နှုန်းစံများမှာလည်း ထိပ်တန်းအဆင့်တွင် ရှိသည်။
စိန်ပွင့်ကြီး၏ အရောင်အသွေးမှာ စိန်ဖြူများတွင် အမြင့်ဆုံးသတ်မှတ်ချက်ဖြစ်သည့် D color ဖြစ်ပြီး အနှစ်အသားရော၊ အပြင်ပိုင်းပါ အပြစ်အနာအဆာမရှိခြင်းကြောင့် အသန့်စင်ဆုံး၊ အကြည်လင်ဆုံး၊ အညီညာဆုံး စိန်ပွင့်များစာရင်းတွင် ထည့်သွင်းခံထားရသည်။ အဆိုပါစိန်ပွင့်မှာ နိုက်ထရိုဂျင်ပါဝင်မှုနည်းပါးသည့်သို့ လုံးဝ မပါဝင်သည့် စိန်အုပ်စုများမှ စိန်တစ်ပွင့် ဖြစ်သည်။
Ref:BBC(KNT)